ဗြိတိန်တွင် လာမည့်ရက်သတ္တပတ်ကစပြီး Pfizer ကိုဗစ်ကာကွယ်ဆေးထိုးရန် အတည်ပြု

03-Dec-2020

လန်ဒန် ဒီဇင်ဘာ ၂

ဗြိတိန်နိုင်ငံအနေဖြင့် Pfizer ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို သုံးစွဲရန် အတည်ပြု လိုက်ပြီဖြစ်ရာ ကမ္ဘာပေါ်တွင် ယင်းဆေးကို အတည်ပြုခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာခဲ့ ကြောင်း သိရသည်။ လာမည့်ရက်သတ္တပတ် အတွင်း Pfizer ကာကွယ်ဆေး အလုံးရှစ်သိန်းကို ပြည်သူများသို့ စတင်ထိုးပေးမည်ဖြစ်သည်။

 

ပထမဆုံး ရရှိလာသည့် ဆေးများကို စောင့်ရှောက်ရေးဂေဟာများရှိ သက်ကြီး ရွယ်အိုများနှင့် ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးအနေဖြင့် ထိုးပေးမည်ဖြစ်သည်။
ဗြိတိန်ဆေးဝါးဆိုင်ရာ စည်းကမ်းထိန်း သိမ်းရေးအဖွဲ့က ဆေးမှာ ၉၅ ရာခိုင်နှုန်း ထိရောက်သည်ကို ၎င်းတို့အနေဖြင့်လည်း အတည်ပြုနိုင်ပြီး ကာကွယ်ဆေးအထိုးခံရန် ပြည်သူများအနေဖြင့် အမျိုးသားကျန်းမာရေး အဖွဲ့၏ ဆက်သွယ်လာမှုကို စောင့်ဆိုင်းရန် လိုအပ်ကြောင်းလည်း သိရသည်။
ဗြိတိန်သည် ပြည်သူသန်း ၂၀ အတွက် အသုံးပြုနိုင်မည့် ဆေးအလုံး သန်း ၄၀ ကို Pfizer နှင့် BioNTech တို့မှ မှာယူထားပြီးဖြစ် သည်။ ဗြိတိန် ကျန်းမာရေးအကြီးအကဲ ဟန်း ကွတ်ခ်က “ ပြည်သူတွေကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ လိုအပ်တဲ့ဆေးတွေကို ဘယ်ဂျီယံ နိုင်ငံမှာရှိတဲ့ ကုမ္ပဏီခွဲကနေ ထုတ်ပေးမှာပါ။ ဒါကြောင့် ဒီဇင်ဘာတစ်လတည်းမှာပဲ ပြည်သူ တွေအနေနဲ့ ဆေးသန်းနဲ့ချီပြီး ထိုးခွင့်ရတော့မှာ ပါ” ဟု ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးဝယ်ယူရေး အတွက် ပေါင်ဘီလီယံပေါင်းများစွာ အသုံးပြု မည်ဖြစ်ကြောင်း အစောပိုင်းကပင် ကြေညာ ထားပြီးဖြစ်သည်။

ကိုးကား- ဆစ်ဒနီမော်နင်းဟီရက်ဒ်၊
ဘာသာပြန်-မေလဲ့သင်း