မြန်မာက ထိုင်းထက် ကိုဗစ်ကူးစက်နှုန်း ၂၀ ရာခိုင်နှုန်း ပိုမြန်နေ

10-Dec-2020

မြန်မာနိုင်ငံမှာ လက်ရှိ ကူးစက် ပြန့်ပွားနေတဲ့ ကိုဗစ်-၁၉ အမျိုးအစားဟာ တခြားနေရာတွေမှာ ဖြစ်နေတဲ့ အမျိုးအစားနဲ့ မတူတဲ့အပြင် ကူးစက်သူ လူနာတွေကို နောက်ကြောင်းပြန်လိုက်ဖို့ ကောင်းမွန်တဲ့စနစ် ရှိမနေတာကြောင့် ရောဂါပိုးကူးစက် မြန်ဆန်နေတာလို့ ထိုင်းနိုင်ငံ၊ Mahidol တက္ကသိုလ် ဆေးပညာဌာနမှူး ပါမောက္ခ ဒေါက်တာ Prasit Watanapa က အင်္ဂါနေ့မှာ ပြောပါတယ်။

ရောဂါပိုး ကူးစက်ပြန့်ပွားနေတဲ့နေရာတွေကနေ ရွှေ့ပြောင်း သွားလာနေသူ စုစုပေါင်းရဲ့ ၅၀% အောက်ကိုသာ နောက်ကြောင်း လိုက်နိုင်တာမို့ မြန်မာနိုင်ငံအတွင်းမှာ ရောဂါပိုးကူးစက်မှုဟာ အဆ ၂၀၀ အထိ ဖြစ်ပေါ်နေတယ်လို့ ဒေါက်တာ Watanapa က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ကူးစက်ပြန့်နှံ့နေတဲ့ ရောဂါပိုး အမျိုးအစားဟာ ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး စတင်ဖြစ်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာတွေ့ခဲ့တဲ့ D614 နဲ့ လုံး၀ မတူဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုး စတင်တွေ့ရှိတဲ့ မတ်လ ၂၃ ရက်နေ့ကစလို့ တွေ့ရှိခဲ့တဲ့ ရောဂါပိုး အမျိုးအစားတွေထဲမှာ အနောက်နိုင်ငံမှာ လက်ရှိ ကူးစက် ပြန့့်နှံ့နေတဲ့ G614 အမျိုးအစားတွေလည်း ပါဝင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီ ရောဂါပိုး အမျိုးအစားဟာ မူရင်း ရောဂါပိုးထက် အဆ ၂၀ ကူးစက်မှု မြန်ဆန်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ AstraZeneca က ထုတ်တဲ့ ကာကွယ်ဆေး အလုံးရေ ၂၆ သန်းကို ဝယ်ဖို့အတွက် သဘောတူထားပြီးဖြစ်တဲ့အပြင် နိုင်ငံတွင်းမှာ ထုတ်ဖို့ကြိုးစားနေတဲ့ ကာကွယ်ဆေးတွေလည်း ရှိနေပါတယ်။

ဒီအတောအတွင်း ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ ရောဂါကူးစက်သူ ၁,၄၂၇ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကြောင့် သေဆုံးသူ စုစုပေါင်း ၂,၁၇၄ ဦးနဲ့ ရောဂါပိုး ကူးစက် စုစုပေါင်း ၁၀၃,၁၆၆ ဦး ရှိသွားပါပြီ ဖြစ်ပါတယ်။

VOA News