"ဝ" ထိန်းချုပ်ဒေသတွင်း ကိုဗစ်ရောဂါကူးစက်သူ ပထမဆုံးတွေ့

18-Dec-2020

တရုတ်မြန်မာနယ်စပ်က UWSA ဝလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ပထမဆုံး Covid 19 ကူးစက်လူနာ ၂ယောက်တွေ့ရှိတဲ့အကြောင်း နဲ့ မိုင်းလားဒေသဘက်မှာလည်း ကူးစက်မှုမရှိအောင် တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက်နေတဲ့ အကြောင်း VOA မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော် တင်ပြထားပါတယ်။

ဒီလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ Covid 19 ရောဂါပိုးကူးစက်သူ တွေ့ရှိခဲ့ပြီး အဲဒီလူဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနဲ့ ဝနယ်မြေကို သွားရောက်ခဲ့တဲ့ ခရီးသွား ရာဇဝင်ရှိတာကြောင့် မိုင်းလားနဲ့ ဝဒေသတွေမှာ ကျန်းမာရေးစစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေကြပါတယ်။

UWSA အဖွဲ့ Covid 19 ရောဂါထိန်းချုပ်ရေးကော်မတီရဲ့ ဒီလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ မိုင်းပေါက်မြို့မှာ ကိုဗစ်လူနာ ၂ဦးတွေ့ရှိကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

“ဒီ Covid ထိန်းချုပ်ရေးကော်မတီထုတ်ပြန်ချက်အရပေါ့နော်၊ ဒီကျနော်တို့ မိုင်းပေါက်မှာပေါ့ ဒီ Positive လူနာ ၂ယောက်တော့ တွေ့ရတယ်ပေါ့နော်။ သူနဲ့ ထိတွေ့ခဲ့တဲ့လူ Contact တွေပေါ့နော် အဲဒါ အယောက် ၃၀၀ကျော်ကိုလည်း Quarantine သီးခြားထားထားတာတော့ ရှိတယ်နော်။”

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ Covid 19 ရောဂါစစ်ဆေးတွေ့ရှိသူဟာ စက်တင်ဘာလကနေ ဒီလ ၈ ရက်နေ့အထိ မိုင်းလားမြို့မှာ နေထိုင်ခဲ့ကြောင်း၊ အဲဒီနောက်မှာ ဝထိန်းချုပ်နယ်မြေ မိုင်းပေါက်နဲ့ ပန်ဆန်းမြို့ကို သွားရောက်ခဲ့ပြီး ပန်ဆန်းကတဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွားရောက်ခဲ့တာဖြစ်ကြောင်း မိုင်းလားအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးဗဟိုဌာနက ရောဂါပိုးတွေ့ရှိသူရဲ့ ခရီးသွားရာဇဝင်ကို ဝနဲ့ မိုင်းလားဒေသကို အကြောင်းကြားခဲ့တာပါ။

မိုင်းလားဒေသမှာ ရောဂါပိုးတွေ့သူ တရုတ်နိုင်ငံသားနဲ့ ဆက်စပ်သူ ၁သောင်းလောက်ကို စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ကြောင်းနဲ့ လက်ရှိမှာ နောက်ထပ် ပိုးတွေ့သူမရှိသေးကြောင်း NDAA မိုင်းလားအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောပါတယ်။

“ကျနော်တို့ သတင်းရရခြင်းပဲ ကျနော်တို့ဘက်မှာ သက်ဆိုင်တဲ့ ဝနဲ့ သက်ဆိုင်တဲ့နေရာ၊ တရုတ်ပြည် ကျနော်တို့ လုပ်ငန်းတာဝန်ခံတွေ အားလုံးကို ပြန်စစ်ဆေးတယ်။ နောက်ပြီးမှ ဒီ ကျနော်တို့ မိုင်းလားမှာ လာနေဖူးတဲ့နေရာ၊ ဆက်ဆံခဲ့တဲ့လူ အားလုံးနဲ့ စစ်ဆေးတယ်။ အဲဒါပြင် ကျနော်တို့ စိတ်မချသေးဘူး။ ကျနော်တို့ဟာ မိုင်းလားမှာ သူနဲ့ ပတ်သက်တဲ့သူနဲ့ ထပ်ဆင့် ပတ်သက်တဲ့လူနဲ့ နောက် ထပ် ထပ်ဆင့် ပတ်သက်တဲ့လူနဲ့ အားလုံးပေါင်း တစ်သောင်းနီးပါးလောက်ရှိတယ်။ အဲဒါ တိုးချဲ့ပြီးမှ နှစ်သောင်းလောက် ကျနော်တို့ ထပ်စစ်ဆေးနေတယ်။ အခု တစ်သောင်းကျော်ရှိပြီ နောက်တစ်သောင်းထပ်စစ်မယ်။ အခုထိတော့ ဘာမှ မတွေ့သေးဘူး။ ”

လောလောဆည်မှာတော့ မိုင်းလားဒေသအတွင်း လူဝင်လူထွက်တွေကို ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေကြောင်းလည်း ဦးကြည်မြင့်က အခုလို ဆက်ပြောပါတယ်။

“ တစ်ယောက်ယောက် ခိုးဝင်လာလို့ရှိရင် သတင်းလာပို့လို့ရှိရင် ကျနော်တို့ တရုတ်ငွေ ယွမ်ငွေ ၈ထောင်ပေးမယ်။ နောက်ပြီးမှ ဖမ်းပြီး လာပို့ပေးမယ်ဆိုရင် ၁သောင်းချီးမြှင့်ပေးမယ်။ နယ်စပ်က ရှိတဲ့လူတွေအားလုံးနဲ့ ကြေညာထားတယ်။ ထုတ်ထားတယ်။ အားလုံးက တက်တက်ကြွကြွပါဝင်ပြီးမှ ပိတ်ဆို့နေတာ။ ကျနော်တို့ နယ်စပ်ဒေသမှာ ဆိုလို့ရှိရင်တော့ ကျနော်တို့ ကုသရေးအင်အားက အားငယ်တာကိုး။ အဲဒါနဲ့ ပိုပြီး သတိထားရမှာကိုး။ ”

လောလောဆည်မှာတော့ ဝ၊ မိုင်းလားနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းပြီး ရောဂါရှာဖွေ၊ ထိန်းချုပ်ရေးကို ဆောင်ရွက်နေပါတယ်။ဝနဲ့ မိုင်းလားဒေသဟာ ဒီနှစ်ဆန်းပိုင်း တရုတ်နိုင်ငံမှာ Covid 19 စတင်ဖြစ်ပွားချိန်တည်းက ရောဂါမကူးစက်အောင် လိုက်နာရမယ့် စည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် ထုတ်ပြန်ခဲ့သလို လူဝင်လူထွက်စစ်ဆေးတာတွေကိုလည်း တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

VOA News