ဆေးခန်းလာပြသူ လူနာအရေအတွက်ကျဆင်းသော်လည်း ဖုန်းဆက်မေးမြန်းသူ များပြားလာ

15-Nov-2020

ရန်ကုန် နိုဝင်ဘာ ၁၄

ဖျားနာကု အခမဲ့ဆေးခန်းများသို့ လာရောက်ပြသသူ အရေအတွက် ရက်သတ္တပတ်အတွင်း ထက်ဝက်ခန့် ကျဆင်းသွားသော်လည်း ဖုန်းဆက် မေးမြန်းပြီး အိမ်၌ကြိတ်ကုသသည့်သူ များပြားလာကြောင်း လူထုအခြေပြု ဖျားနာလူနာကုဆေးခန်းများကွန်ရက် (ရန်ကုန်) တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်းက ပြောကြားသည်။

ဆေးခန်းသို့လာပြသည့် လူနာ အရေအတွက်ကျဆင်းသွားခြင်းသည် ပိုးတွေ့လူနာ ကျဆင်းသွားခြင်းမျိုး မဟုတ်ဘဲ အချက်နှစ်ချက်ရှိနိုင်ကြောင်း၊ ပထမအချက်မှာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ၌ ဖျားနာကု အခမဲ့ဆေးခန်းများ တိုးချဲ့ ဖွင့်လှစ်လာနိုင်ခြင်းကြောင့် လူနာအများစုမှာ မိမိမြို့နယ်အတွင်း အလွယ်တကူ သွားရောက်ပြသနိုင်ခြင်းနှင့် ယခင်လို ဆေးခန်းတစ်ခု၌ စုပုံများပြားနေခြင်းမျိုး မရှိသည့် အတွက် လျော့နည်းရခြင်းဖြစ်နိုင်ကြောင်း၊ ဒုတိယအချက်မှာ အချို့ လူနာများသည် ဆေးရုံဆေးခန်းလာရ မှာ စိုးရိမ်သည့်အတွက် ဖုန်းဆက် မေးမြန်းကာ အိမ်၌ ကြိတ်ကုသပြီး အရေးပေါ်အခြေအနေမှသာ ရောက်ရှိ လာခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး ခြင်း၊ မောပန်းခြင်း၊ အားပြတ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခြင်း၊ ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုခံစားရပါက အိမ်၌ကြိတ်ကုသ ခြင်းများကို လုံးဝမပြုလုပ်သင့်ဘဲ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသကာ စစ်ဆေးကုသမှုများကို စောစီးစွာ ခံယူသင့်ကြောင်း၊ ထိုမှသာ အသက်ဆုံးရှုံးမှုကို ထိရောက်စွာ ကာကွယ် နိုင်မည်ဖြစ်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖျားနာကု အခမဲ့ဆေးခန်းများ၌ နိုဝင်ဘာ ၆ ရက်မှ ၁၃ ရက်အထိ ရက်သတ္တပတ်အတွင်း လူနာဦးရေ၁၀၀ ဝန်းကျင်မှ ၅၀ ဝန်းကျင်အထိ ထက်ဝက်ခန့် ကျဆင်းသွားကြောင်း လူထုအခြေပြု ဖျားနာလူနာကု ဆေးခန်းများကွန်ရက် (ရန်ကုန်) မှသိရသည်။

သတင်း-အေးမင်းသူ

ဓာတ်ပုံ-SPT-FC