တရုတ်နိုင်ငံသို့ တင်သွင်းလာသောအေးခဲအမဲသားများ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

16-Nov-2020

ပေကျင်း နိုဝင်ဘာ ၁၅

ဘရာဇီး၊ နယူးဇီလန်နှင့် ဘိုလီဗီးယားနိုင်ငံမှ တင်သွင်းလာသော အေးခဲအမဲသားများ၊ အမဲ အူကြမ်းများ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်း ကျိနန်မြို့တော်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက အေးခဲအစားအသောက်များအား စမ်းသပ်မှုကို အရှိန်မြှင့်လုပ်ဆောင်လျက် ရှိသည်။ အေးခဲအမဲသားများ တင်သွင်းခဲ့သည့် ကုမ္ပဏီများကို Guotai International Group နှင့် Shanghai Zhongli Development Trade တို့ဖြစ်ကြောင်း ကျိနန်ပြည်နယ် ကျန်းမာရေး ကော်မရှင်က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။ အေးခဲ အမဲသားများကို ရှန်ဟိုင်းမြို့ရှိ ဆိပ်ကမ်းများမှတစ်ဆင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောအပတ်အတွင်း တရုတ်အာဏာပိုင်များက လန်ကျိုးမြို့တွင် ဆော်ဒီအာရေဗျ နိုင်ငံမှတင်ပို့သော ပုစွန်များ၊ ဝူဟန်မြို့၌ ဘရာဇီးနိုင်ငံမှတင်ပို့သော အမဲသားများနှင့် ရှန်တုန်နှင့် ကျင်းစုပြည်နယ်များ၌ အာဂျင်တီးနားနိုင်ငံမှတင်ပို့သော အမဲသားများ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံက ကမ္ဘာ့ထိပ်တန်း အမဲသား ဝယ်ယူသည့်နိုင်ငံဖြစ်ပြီး ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့က အမဲသား အများဆုံးတင်သွင်းသည့် နိုင်ငံများဖြစ်သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်၏မြို့တော် ကျောင်ကျိုးမြို့က နိုဝင်ဘာ ၁၃ ရက်တွင် အာဂျင်တီးနားနိုင်ငံမှ တင်သွင်းလာသော အေးခဲဝက်သားများ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်ဟု ဒေသန္တရအာဏာပိုင်များက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

ကိုးကား-သည်စထရိတ်တိုင်းမ်

ဘာသာပြန်-ကျော်ထိုက်စိုး