ရီပတ်ဘလစ်ကန်အားကောင်းခဲ့တဲ့ အာရီဇိုးနားပြည်နယ် မှာ ဒီမိုကရက် Joe Biden အလေးသာ

14-Nov-2020

အမေရိကန်ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ဟာ Arizona ပြည်နယ် မှာလည်း မဲအသာစီးရနေကြောင်းနဲ့ အခုလို အသာစီးရနေတယ် ဆိုတာကို သမ္မတဒေါ်နယ်ထရမ့်က လက်မခံကြောင်း အမေရိကန်သတင်းမီဒီယာ တွေမှာ ဖေါ်ပြနေပါတယ်။

Arizona ပြည်နယ်မှာ မဲ အားလုံးရဲ့ ၉၉ % ရေတွက်ပြီးစီးပြီဖြစ်ပြီး ဂျိုးဘိုင်ဒန်က သမ္မတထရမ့်ထက် မဲ ၁၁,ဝဝဝ လောက်သာနေတာ တွေ့ရတယ်လို့ ဖေါ်ပြကြတာပါ။

Arizona ပြည်နယ်ဟာ ရီပတ်ဘလစ်ကင် နယ်မြေအဖြစ် သမိုင်းတလေ ျှာက် သိလာကြတာ ဖြစ်ပြီး အခု ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန် နိုင်နေကြောင်း ကြာသပတေးနေ့မှာ The New York Times, CNN, NBC နဲ့ The Washington Post အပါအဝင် သတင်းတွေမှာ ဖေါ်ပြနေတာဖြစ်ပါတယ်။ Fox နဲ့ Associated Press သတင်းဌာနတို့ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အဲဒီမှာ ဘိုင်ဒန် နိုင်မှာ ဖြစ်ကြောင်း ပြောနေတာပါ။

Arizona ပြည်နယ်မှာ အနိုင်ရရင် ဂျိုးဘိုင်ဒန်ဟာ ကိုယ်စားလှယ်မဲ ၂၉၀ ရမှာ ဖြစ်ပါတယ်။

သမ္မတအဖြစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုနိုင်ဖို့ အတွက် လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ကို မစ္စတာဘိုင်ဒန်က ရထား ပြီးသား ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကင်ပါတီက သမ္မတထရမ့်ကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ ကြောင်း အထောက်အထား သေသေချာချာ မပြပဲ ထပ်တလဲလဲ ပြောကြားခဲ့တာပါ။

ဒါပေမယ့် သမ္မတထရမ့် ၂၀၁၈ မှာ တည်ထောင်ခဲ့တဲ့ ဗဟိုအစိုးရရဲ့ ဆိုင်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးဆိုင်ရာ CISA ဌာနက ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲဟာ အမေရိကန် သမိုင်းမှာ လုံခြုံစိတ်ချရမှု အရှိဆုံး ရွေးကောက်ပွဲအဖြစ် ဖေါ်ပြထားပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သမ္မတအသစ်ကို သမ္မတရွေးချယ်ရေးအဖွဲ့က တရားဝင် ရွေးချယ်တင်မြှောက် ရမှာ ဖြစ်တဲ့ အတွက် မဲမပြတ်သေးတဲ့ ပြည်နယ်တွေ အနေနဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထားပြီး မဲရေတွက်ပေးရမှာ ဖြစ်ပါတယ်။

Crd VOA News