Stay at Home မဟုတ်တဲ့မြို့နယ်တွေမှာ ဆိုင်ထိုင်ရောင်းချခွင့် ခွင့်ပြုမယ်

03-Dec-2020

A အဆင့်သတ်မှတ်ချက်ရှိ စားသောက်ဆိုင် တွေနဲ့ လက်ဖက်ရည်ဆိုင်တွေကို ဒီဇင်ဘာလ ၄ ရက်ကစပြီး ဆိုင်ထိုင်ရောင်းချခွင့်ပြုသွားမယ်လို့ ကိုဗစ် ကာကွယ်ကုသထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက နေပြည်တော် ကောင်စီနဲ့တိုင်းဒေသကြီး ပြည်နယ်တွေကို ညွှန်ကြားထားပါတယ်။

ညွှန်ကြားစာအရ Stay at Home မြို့နယ် တွေကလွဲပြီး တစ်နိုင်ငံလုံးမှာခွင့်ပြုသွားမှာဖြစ်တယ်လို့ ‌ဆိုပါတယ်။

ဆိုင်ထိုင်ရောင်းချခွင့်ပြုရာမှာ ဆိုင်ရဲ့ အနေအထားပေါ်မူတည်ပြီး လူဦးရေကန့်သတ်ချက်နဲ့သာ ခွင့်ပြုသွားမှာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနေလင်းကတော့ စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုတာကောင်းပေမယ့် အိမ်မှာသာနေဖို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေ မပါတဲ့အတွက် စားသောက်ဆိုင်ကြီးတွေ များစွာရှိတဲ့ ရန်ကုန်လိုမြို့ကြီးတော့ မပါသေးဘူးလို့ ပြောပါတယ်။

"Stay at Home မဟုတ်တဲ့ မြို့နယ်တွေက ဆိုင်တွေ ကို ဆိုင်ထိုင်ရောင်းချခွင့်ပြုတာဆိုတော့ ရန်ကုန် မှာဖွင့်လို့မရသေးဘူး။ ရန်ကုန်က ကိုကိုးကျွန်းကလွဲပြီး ကျန်တာ Stay at Home လေ၊ ဖွင့်နိုင်အောင် ညှိနှိုင်းတာတွေတော့လုပ်နေပါတယ်" လို့ ဦးနေလင်းက ရှင်းပြပါတယ်။

စားသောက်ဆိုင်လုပ်ငန်းရှင်အချို့ကတော့ ဒီလို ဖွင့်လှစ်ခွင့်ပေးတဲ့အပေါ် ကြိုဆိုပေမယ့် စည်းကမ်း မလိုက်နာဘဲ ခိုးဖွင့်တဲ့ဆိုင်တွေ ၊ စည်းကမ်းကိုလက်တလုံးခြားလုပ်ပြီး ဖွင့်တာတွေ ရှိလာနိုင်လို့ စနစ်တကျ ကြပ်မတ်ပြီးမှ အားလုံးကိုဖွင့်လှစ်ခွင့်ပေးသင့် တယ်လို့သုံးသပ်နေကြပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-MPA