စာတိုက်က ပေးတဲ့မဲတွေ မကြုံဘူးလောက်အောင် များပြားလာနိုင်လို့ မဲရေတွက်ဖို့ ပိုမိုကြာမြင့်နိုင်ခြင်း

29-Sep-2020

ပုံမှန်အားဖြင့် စာတိုက်က မဲပေးခွင့်ကို အသက် ၆၅ နှစ်ကျော်သူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ဒါမှမဟုတ် စစ်တပ်ဖွဲ့ဝင် အစရှိတဲ့ ကိုယ်နေထိုင်တဲ့ ပြည်နယ်ရဲ့ အပြင်ဘက်ကို ရောက်နေသူတွေသာလျှင်ရရှိပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေမှာဆိုရင် စာတိုက်ကနေ မဲပေးသူ အရေအတွက် အလွန်များလာနိုင်ပါတယ်။

အမေရိကန်အစိုးရ စာပို့စနစ် အနေနဲ့ ပြည်နယ်တစ်ခုစီအလိုက် ကန့်သတ်ထားတဲ့ အချိန်အတွင်းမှာ မဲပေးဖို့ ဖောင်တွေကို လိုအပ်သူတွေဆီကို ရောက်အောင် အသီးသီး ပို့ပေးရမယ့် တာဝန်အပြင် ဖြည့်ပြီး ပို့လာတဲ့ မဲတွေကိုလည်း အချိန်မီ ပြန်ရောက်အောင် ပို့ပေးရမယ့် တာဝန်ရှိပါတယ်။

ဒီလို ဖြစ်လာနိုင်ခြေတွေရှိတဲ့အချိန်ဟာ အမေရိကန် အစိုးရ စာပို့စနစ်အတွင်း ရန်ပုံငွေ လိုငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ရာနဲ့ချီပြီး ပြနေတဲ့အတွက် လုပ်ငန်း လည်ပတ်မှု အင်အား လျှော့ချနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေလို့ ဒါကို အမေရိကန် စာပို့စနစ်က ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ပါ့မလား ဆိုတာ မသေချာတဲ့ အခြေအနေလည်း ရှိနေပါတယ်။

အမေရိကန်နိုင်ငံအတွင်းက တချို့ပြည်နယ်တွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် လူကိုယ်တိုင်မဲပေးမှုကို လုံးဝတားမြစ်ထားပြီး ဒါကို လက်ရှိ ခွင့်ပြုထားတဲ့ ပြည်နယ်အတွင်းမှာ ဆိုရင်လည်း မဲရုံအတွင်းကို လက်ခံမယ့် လူအရေအတွက်ကို ကန့်သတ်ဖို့ လိုလားနေကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုစီမှာ မဲပေးတဲ့ ပုံစံကို ပြောင်းလဲခွင့် အာဏာ ရှိတဲ့အတွက် လည်း စာတိုက်က မဲပေးမှု ပုံစံကို အသားပေးမယ့် ပြည်နယ်တွေ ပိုများလာနိုင်ပါတယ်။

အမေရိကန်က ရွေးကောက်ပွဲတွေမှာ စာတိုက်ကတစ်ဆင့် မဲပေးနှုန်းက လတ်တလောကာလတွေမှာ တက်လာခဲ့ပြီး ၂၀၁၆ ခုနှစ် အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ စာတိုက်ကနေ မဲပေးမှုက စုစုပေါင်းရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ မဲပေါင်း သန်း ၄၀ လောက် ရှိခဲ့ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အဲဒီထက် နှစ်ဆ စာတိုက်မဲ သန်း ၈၀ လောက်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပြီး စံချိန်တင် အများဆုံးဖြစ်လာနိုင်ပါတယ်။

အမေရိကန်နိုင်ငံက ပြည်နယ်အသီးသီးမှာ စာတိုက်မဲ လက်ခံတဲ့ နောက်ဆုံးအချိန် သတ်မှတ်မှုကလည်း တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ကွဲပြားမှု ရှိနေပါတယ်။

ဥပမာအားဖြင့် ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ရွေးကောက်ပွဲနေ့ ဒေသစံတော်ချိန် ည ၈ နာရီ မတိုင်မီ အချိန်မီရောက်လာတဲ့ မဲတွေကိုသာ လက်ခံပြီး ကယ်လဖိုးနီးယားပြည်နယ်မှာ ဆိုရင်တော့ ပို့လိုက်တဲ့ ရက်က ရွေးကောက်ပွဲနေ့ဖြစ်ကြောင်း တံဆိပ်တုံးပါတဲ့ မဲတိုင်းကို ရက်သတ္တပတ်နဲ့ ချီပြီး နောက်ကျလည်း လက်ခံတဲ့ စည်းကမ်း သတ်မှတ်ထားတဲ့အတွက် ဒီလို ကြီးမားတဲ့ ပြည်နယ်မှာ မဲရေတွက်မှု ပြီးစီးဖို့ အချိန်အတော်ကြာလေ့ ရှိပါတယ်။

အဲဒီ စာတိုက်မဲတွေကို စစ်ဆေးရာမှာ မဲမှာ ထိုးထားတဲ့ လက်မှတ်နဲ့ မဲပေးဖို့ စာရင်းသွင်းတဲ့ မှတ်ပုံတင်မှာ ထိုးထားတဲ့ လက်မှတ်နှစ်ခု တူမတူ တိုက်ကြည့်ရတာ ဖြစ်တဲ့အတွက် စာတိုက်မဲ များလေ ရေတွက်ဖို့ အချိန်ပိုကြာလေ ဖြစ်နိုင်ပါတယ်။

လူကိုယ်တိုင် လာပေးတဲ့ မဲတွေကို ရေတွက်ရာမှာလည်း နှောင့်နှေးမှု ဖြစ်နိုင်ခြေရှိပြီး ကိုရိုနာ ဗိုင်းရပ်စ် အခြေအနေမှာ မဲရုံတွေကို လာပေးသူတွေ ခပ်ခွာခွာလုပ်ပြီး တန်းစီရတဲ့အတွက် မဲရုံတွေ ဖွင့်တဲ့အချိန်ကို တိုးချဲ့ရပြီး နောက်ဆက်တွဲ အနေနဲ့ မဲတွေကို စတင်ရေတွက်တဲ့ အချိန် နောက်ဆုတ် သွားနိုင်ခြေ ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။