ပြည်ပမှဝယ်ယူထားသော လေအိတ်ပါ ရထားတွဲဆိုင်းများ သီလဝါဆိပ်ကမ်းသို့ရောက်ရှိ

06-Jan-2021

ရန်ကုန် ဇန်နဝါရီ ၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အောက်ရှိ မြန်မာ့မီးရထားက တရုတ်နိုင်ငံမှ ဝယ်ယူထားသော လေအိတ်ပါ ရထားတွဲဆိုင်းများ သည် DU JUAM SONG 067 ကုန်တင်သင်္ဘောကြီး ဖြင့် ဇန်နဝါရီ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သီလဝါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဆိုက်ကပ် ရောက်ရှိလာပြီဖြစ်သည်။

ယခုရောက်ရှိလာသော လေအိတ်ပါ ရထား တွဲဆိုင်းများကို မြန်မာ့မီးရထားက တရုတ်နိုင်ငံမှ ချေးယူထားသော ယွမ်ငွေသန်း ၈၀ ဖြင့် ဝယ်ယူ ထားခြင်းဖြစ်သည်။ တွဲဆိုင်း စုစုပေါင်း ၂၈ ဆိုင်း ရောက်ရှိလာပြီး ရိုးရိုးတွဲဆိုင်း ၁၄ ဆိုင်းနှင့် အထက်တန်းတွဲဆိုင်း ၁၄ ဆိုင်း ပါလာခြင်းဖြစ်သည်။

လေအိတ်ပါ ရိုးရိုးတွဲဆိုင်း ၁၄ ဆိုင်းတွင် ထိုင်ခုံ ၆၈ ခုံပါရှိပြီး အထက်တန်း လေအိတ်ပါ တွဲဆိုင်းများတွင် ထိုင်ခုံ ၃၃ ခုံ ပါရှိကြောင်း သိရသည်။ တွဲဆိုင်း အားလုံးမှာ လေအိတ်ပါခြင်းကြောင့် တစ်နာရီ မိုင် ၆၀ နှုန်း အထိ ပြေးဆွဲနိုင် မည်ဖြစ်ကြောင်း သိရသည်။

“အခုရောက်ရှိလာတဲ့ ရထားတွဲဆိုင်းအားလုံးဟာ လေအိတ်စနစ်နဲ့ အသုံးပြု ထားတာ ဖြစ်ပါတယ်။ တွဲဆိုင်းတစ်ဆိုင်းမှာ အလျား ပေ ၆၀ ရှိပြီး အနံကတော့ ၉ ပေ ၃ လက်မရှိပါတယ်။ အမြင့်ကတော့ ၁၁ ပေ ၂ လက်မရှိပြီး မြန်မာ့မီးရထားရဲ့ စံသတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိလို့ အသုံးပြုပြေးဆွဲရင် ခရီးသည်တွေအတွက် အတော်လေး အဆင်ပြေမှာဖြစ်ပြီး လေအိတ်ပါတာကြောင့်လည်း ခရီးသည်တွေ အနေနဲ့ အမှန်တကယ် သက်သောင့်သက်သာရှိမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ မီးရထားမှ ဦးထွန်းရွှေ (လ/ထ အထွေထွေမန်နေဂျာ- စက်မှု၊ တိုင်းအမှတ်-၇၊ ရန်ကုန်)က ပြောသည်။

မြန်မာ့မီးရထားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ယခုဝယ်ယူထားသော လေအိတ်ပါတွဲဆိုင်းများကို တရုတ်နိုင်ငံ စီပန်းမီးရထားထုတ်လုပ်မှုကုမ္ပဏီက ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ရောက်ရှိလာသော တွဲဆိုင်းများကို မန္တလေးမြစ်ငယ် သို့ ပို့ဆောင်ကာ လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့ မီးရထား ခရီးသည်အစီးများသည့် ရထားခရီးစဉ်လမ်းကြောင်းများတွင် လိုအပ် သလိုထည့်သွင်းအသုံးပြု ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်