အိန္ဒိယနဲ့ မြန်မာ နယ်စပ်မှာ အကျဉ်းသား အပြန်အလှန်လဲလှယ်

28-Nov-2020

မြန်မာနဲ့အိန္ဒိယအစိုးရတို့အကြား နှစ်ဖက်အကျဉ်းသားစုစုပေါင်း ၆၀ ကျော်ကို အပြန်အလှန် လွှတ်ပေးခဲ့ကြရာမှာ၊ မြန်မာအကျဉ်းသား ၂၈ ဦးနဲ့ အိန္ဒိယအကျဉ်းသား ၃၄ ဦးပါဝင်ခဲ့ပါတယ်။

မြန်မာအကျဉ်းသားတွေထဲ အိန္ဒိယနိုင်ငံထဲကို နိုင်ငံခြားသားဗီဇာနဲ့ အရင်ရောက်နေခဲ့ပြီး၊ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာ ၁၉ ဦးကတော့၊ ကိုဗစ်ဖြစ်ချိန်အလုပ်ပြုတ်ပြီး၊ ဗီဇာလဲကုန်သွားချိန်မှာ၊ မြန်မာပြည်ဖက်ပြန်ဖို့ကြိုးစားရင်း၊ နယ်စပ် အာသံဘက်မှာ အဖမ်းခံရကာ၊ ထောင် ၄ လကျခဲ့တာလို့ အန္ဒိယအရာရှိတွေကဆိုပါတယ်။

နောက်မြန်မာ ၈ ဦးကတော့ တရားမဝင် ဝင်ရောက်နေထိုင်မူနဲ့ မဏိပူပြည်နယ်က ထောင်တွေထဲ အကျဉ်းချခံခဲ့ရတာလို့၊ ဒီ အိန္ဒိယအရာရှိတွေက ဆိုပါတယ်။ မဏိပူပြည်နယ် ပြည်ထဲရေးဒုဝန်ကြီး Yengkhom Rashni ကလည်း၊ ဒီအကျဉ်းသားလဲလှယ်မူကိုကူပေးနေတယ်လို့ဆိုပါတယ်။

အိန္ဒိယအကျဉ်းသား ၃၄ ဦးထဲမှာတော့ အများစုက တရားမဝင် ဝင်ရောက်ခဲ့သူတွေဖြစ်ပြီး၊ အကြမ်းဖက်သူ ၂ ဦးပါခဲ့ကာ၊ Tripura နဲ့ မဏိပူ တရားမဝင်အဖွဲ့တွေကဖြစ်တယ်လို့၊ ကြာသာပတေးနေ့မှာ ဒီအကျဉ်းသားအလဲအလှယ်လုပ်ခဲ့တဲ့၊ နှစ်ဖက်ပူးတွဲစစ်ဆေးရေးဂိတ်ရှိတဲ့ အိန္ဒိယနယ်စပ်ဖက် မဏိပူပြည်နယ် မိုးရေးမြို့က အရာရှိတစ်ဦးက ဆိုပါတယ်။

တချိန်ထဲမှာ ဗုဒ္ဓဟူးနေ့တုန်းကတော့၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒုက္ခသည်စခန်းက မြန်မာဘက်က မွတ်ဆလင်ဒုက္ခသည် ၁၄ ဦးကိုလည်း၊ အိန္ဒိယနိုင်ငံထဲခိုးဝင်လာလို့ အနောက် Bangal ပြည်နယ် New Jalpaiguri ရထားဘူတာရုံမှာ ဖမ်းဆီးလိုက်တာမှာ အမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၂ ဦး ပါဝင်ပါတယ်။

ဒီဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကထွက်ပြေးလာတဲ့ ဒီမွတ်ဆလင်ဒုက္ခသည်တွေအနေနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ ပြည်နယ်တွေကနေ ခိုးဝင်ပြီး အလုပ်လာရှာလေ့ရှိရာမှာ၊ လူကုန်ကူးဂိုဏ်းတွေ လက်ထဲရောက်လေ့ရှိတယ်လို့ ဒီအမည်မဖော်လိုတဲ့ အိန္ဒိယအရာရှိတွေက ဆိုပါတယ်။

VOA News