Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများ ရောဂါကူးစက်ခံရ

23-Jan-2021

တဲအဗစ်   ဇန်နဝါရီ   ၂၂

အစ္စရေးနိုင်ငံတွင် Pfizer ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံထားပြီးသူ ၁၂၄၀၀ တို့၌ ဗိုင်းရပ်စ် ကူးစက်ခံရသည်ကို တွေ့ရှိခဲ့ရပြီးနောက် ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိသည်ဆိုသည့် Pfizer ကာကွယ်ဆေး၏ အာနိသင်နှင့်စပ်လျဉ်း၍  ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

ကာကွယ်ဆေး ထိုးပြီးသူများ၏ ၆ ဒသမ ၆ ရာခိုင်နှုန်း ဗိုင်းရပ်စ်ကူးစက်ခံရခြင်းဖြစ်ပြီး အဆိုပါ ၁၂၄၀၀ အနက် ၆၉ ဦးမှာ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှု ခံယူခဲ့ပြီးဖြစ်ကြောင်း အစ္စရေးကျန်းမာရေး ဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။ Pfizer ဆေးမှာ တစ်ကြိမ် ထိုးနှံပြီးချိန်တွင် မျှော်မှန်းထားသည့် ကာကွယ်နိုင်စွမ်းအောက် လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း အစ္စရေး ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကော်မရှင်နာအဖြစ် ဆောင်ရွက်နေသူ နက်ရှ်မန်းအက်ရှ်က ပြောသည်။ 

Pfizer ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံ ပြီးချိန်တွင် ကာကွယ်နိုင်မှု ၅၂ ရာခိုင်နှုန်းသာ ရရှိသည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

အစ္စရေးအစိုးရသည် မတ်လကုန်တွင် ပြည်သူ ကိုးသန်းအနက် ၅ ဒသမ ၂ သန်းကို  ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်နေစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး  စတင်ထိုးနှံပေးချိန်မှ ဇန်နဝါရီ  ၂၁ ရက်အထိ ပြည်သူနှစ်သန်းကျော်ကို ကာကွယ်ဆေး ထိုးနှံ ပေးပြီးဖြစ်သည်ဟု ယမန်နေ့ ထုတ်ပြန်ချက် အရ သိရသည်။ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ရောဂါကူးစက်ခံရမှုရှိခြင်းမှာ ကာကွယ်ဆေး ထိုးနှံပြီးပြီးချင်း ဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်မည့် ခုခံအား ချက်ချင်းထွက်မလာသေးသည့် ကြားကာလတွင် ရောဂါကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း တရုတ်ကာကွယ်ဆေး လုပ်ငန်း အသင်း ဥက္ကဋ္ဌ  ဒိုဂျီယာက သုံးသပ်သည်။

အစ္စရေးနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ် စတင်ခဲ့ပြီးနောက်  နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၃၃ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းလာခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် ကာကွယ်ဆေး  ထိုးနှံမှု  ခံယူပြီးသည့်တိုင်အောင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ စည်းကမ်းချက်များဖြစ်သည့် နှာခေါင်းစည်းဝတ်ဆင်ခြင်း၊  ခပ်ခွာခွာနေခြင်း၊ လက်ကိုစင်ကြယ်စွာ  ဆေးကြောခြင်းစသည် တို့ကို လိုက်နာမှသာလျှင် ရောဂါကူးစက်မှုကို အထိရောက်ဆုံး ကာကွယ်နိုင်မည်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက   သတိပေးထား သည်။

ကိုးကား- ဂလိုဘယ်တိုင်းမ်

ဘာသာပြန်- မေလဲ့သင်း