ဖာပွန်တဝိုက် KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲဆက်ဖြစ်နေ

21-Dec-2020

မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင် တပ်မဟာ ၅ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ဖာပွန်မြို့နယ် မဲဝိုင်ဒေသမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး လှုပ်ရှားဒေသမှာ တပ်မတော် တပ်စခန်းတွေနဲ့ ထပ်မံတိုးချဲ့ တပ်စခန်းတွေကို ဒီနှစ်ကုန် နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကနေ တောင်းဆိုထားအပြီး ဒီလအတွင်း တိုက်ပွဲဖြစ်ပွားလာနေတာပါ။

ဖာပွန်မြို့နယ် မဲဝိုင်ဒေသမှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ ၅ တပ်ရင်း ၁၀၂ တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေဆဲလို့ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ပြောပါတယ်။

“နေ့စဉ်လိုလိုတော့ ကျနော်တို့ ကွက်ကြားကွက်ကြားတော့ ဖြစ်နေတယ်လို့တော့ ရှိတာပေါ့ဗျာ။ အဓိကကတော့ အစိုးရစစ်တပ်ဘက်က ဒီကျွံလာတဲ့အပေါ်မှာကိုပဲ မူတည်တာပေါ့ဗျာ။”

ဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း ဖာပွန်မြို့နယ် ထော်မဲထာကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူကဆိုပါတယ်။

ဒေသတွင်း သတင်းတွေအရ ဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှု ရှိခဲ့သလို မြန်မာစစ်တပ်က စစ်သည်တချို့ ဖမ်းဆီးခံရတယ်လို့ သတင်းပေါ်ထွက်နေပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဖာပွန်မြို့နယ်က တပ်မတော်စခန်းရှိရာ မဲဝိုင်ကျေးရွာနဲ့ အနီးဝန်းကျင်ကို KNU တပ်မဟာ ၅ အဖွဲ့က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေကျေမှုတွေ ရှိခဲ့သလို ဒီတိုက်ခိုက်မှုအတွက် တုံ့ပြန်သွားမယ်လို့လည်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအပြီး ဖာပွန်ဒေသဘက်ကို မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းအင်အားတွေ ထပ်မံ ဖြည့်တင်းလာခဲ့တာပါ။

ဖာပွန်ဒေသရောက် ကရင်နယ်ခြားစောင့်တပ် BGF တပ်မှူးတဦးကတော့ မဲဝိုင်ဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ဖာပွန်ဘက်မှာ ၁၇ ရက်နေ့ ထပ်ဖြစ်တယ်လို့၊ အဲဒါ အကြီး (လက်နက်ကြီး) နဲ့ပဲလေ တယောက်ယောက် အဝေးကနေ လှမ်းတွယ်ပစ်တော့။ မနေ့ကတော့ ကျနော့်တပ်နယ်မှူးက သူ့လူနဲ့ အဆက်အသွယ်ရတယ်တဲ့။ KNU က သူတို့ကို (တပ်မတော်) အရင်လာပစ်တယ်လေ။ နေရာဆုတ်ခိုင်းတာ မြေယာလုတာပေါ့ကွာ။”

မဲဝိုင်ဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားလာနေတာနဲ့အတူ ဒေသခံရွာသား ၃၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရဆဲလို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ပြောပါတယ်။

“ရွာနဲ့ ဝေးဝေးလံလံကို သူတို့ သိပ်ရှောင်တာမဟုတ်ဘဲနဲ့ သူတို့ရွာနီးချုပ်စပ်နဲ့ ကျည်လွတ်ရာနေရာကိုပဲ ရှောင်တဲ့အတွက်ကြောင့် သူတို့အတွက်ကတော့ ရွာနဲ့ အဝင်အထွက် အဆက်အသွယ်ကတော့ ရှိကြတာပေါ့နော်။ လူဦးရေ ၂၀၀ ကျော် ၃၀၀ နီးပါးလောက် ရှိမှာပေါ့နော်။”

ဖာပွန်ဒေသဘက် စစ်ပွဲငြိမ်သက်ရေးအတွက် တပ်မတော်ဘက်က တပ်ဆုတ်ပေးမယ့် အခြေအနေအပေါ် မူတည်တယ်လို့ ပဒိုမန်းမန်းက ဆက်ပြောပါတယ်။

“KNLA ဘက်က တောင်းဆိုထားတဲ့ နှစ်ကုန် လကုန်အထိပေါ့ဗျာ အဲဒီလက်ကျန်အထိကိုတော့ ဘယ်လောက်အထိ အကောင်အထည်ဖော် ပြန်ဆုတ်ပေးနိုင်မလဲပေါ့ဗျာ။ အဲဒီအပေါ်မှာပဲ တိုက်ပွဲရဲ့ ဖြစ်လာနိုင်၏ မဖြစ်နိုင်သည်အပေါ် ဒီ မြန်မာအစိုးရ စစ်တပ်တွေရဲ့အပေါ်မှာ မူတည်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။”

ဖာပွန်ဒေသဘက် မြန်မာတပ်မတော်နဲ့ KNU တို့အကြား စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ သိရှိဖို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဖာပွန် မဲဝိုင်ဒေသအနီး ဒီဇင်ဘာ ၁၅ ရက်နေ့တိုက်ပွဲမှာ တပ်မတော်ဘက်က နယ်မြေကျော်လွန် စစ်ချီလာလို့ တိုက်ပွဲဖြစ်ပွားတာလို့ KNLA ဘက်က ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့သလို အဲဒီဒေသမှာ အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို KNLA တပ်မဟာ ၅ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ဘက်က ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ဖာပွန်မြို့နယ်၊ ပိုလိုထာကျေးရွာနေ အမျိုးသမီးတဦးကို အမှတ် ၈ စစ်ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံ တပ်မတော်သားနှစ်ဦးက ပစ်သတ်ခဲ့ပြီးနောက်ပိုင်း ဒေသတွင်း မြန်မာစစ်တပ်စခန်း ရုပ်သိမ်းရေး ဒေသခံထောင်နဲ့ချီ တောင်းဆိုမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း မြန်မာစစ်တပ်စခန်းတွေ ဒီဇင်ဘာလအကုန် ရုပ်သိမ်းပေးဖို့နဲ့ ပျက်ကွက်ခဲ့မယ်ဆိုရင် အမျိုးသားရေးနဲ့ နယ်မြေလုံခြုံရေးအတွက် လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကနေ သတင်းထုတ်ပြန် ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားပေမယ့် ဖာပွန်ခရိုင်ဘက်မှာ တပ်မတော်ကနေ လမ်းဖောက်လုပ်နေမှုနဲ့ ပတ်သက်လို့ KNU တပ်မဟာ ၅ အကြား ၂၀၁၈ ခုနှစ် မတ်လကစတင်ပြီး နှစ်ဖက် စစ်ရေးပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တာ ဒီ ၂၀၂၀ နှစ်ကုန်အထိ ရှိနေဆဲဖြစ်ပါတယ်။

VOA News