NLD ရွေးကောက်ပွဲနိုင်တဲ့အပေါ် ဗြိတိန်ဝန်ကြီးချုပ် ဂုဏ်ပြု

21-Nov-2020

ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ ဖုန်းခေါ်ဆိုရင်း ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့တာအတွက် ချီးကျူးပြောကြားပြီး ဒီ ရွေးကောက်ပွဲက မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

အဲဒီနောက် သူတို့ နှစ်ဦးဟာ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဆက်လက်ဆွေးနွေးကြပြီး၊ ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ရိုဟင်ဂျာ အကြပ်အတည်းအပေါ် ဗြိတိန်အနေနဲ့ စိုးရိမ်နေကြောင်းကို ဝန်ကြီးချုပ် Boris Johnson က အလေးထား ပြောခဲ့ပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးမှာ နိုင်ငံတွေကြား ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာကို ဆွေးနွေးခဲ့ကြသလို၊ လာမယ့်နှစ် ဗြိတိန်အစိုးရက တာဝန်ယူကျင်းပမယ့် COP26 ညီလာခံနဲ့ပတ်သက်ပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချရေး ဘယ်လောက်အရေးကြီးတယ် ဆိုတာကိုလည်း ခေါင်းဆောင်နှစ်ဦးကြား သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် ဗြိတိန်က ဆုံးဖြတ်ချက်ချထားတဲ့ အင်ဒို-ပစိဖိတ်ဒေသ အားကောင်းလာစေရေးနဲ့ အာဆီယံနိုင်ငံတွေနဲ့လည်း နီးကပ်စွာ ဆက်ဆံသွားရေးတို့ကို ဗြိတိန်ဝန်ကြီးချုပ်က ထပ်လောင်းအတည်ပြု ပြောဆိုပါတယ်။

Crd VOA News