ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားမတိုင်မီ နိုင်ငံတစ်ဝန်း၌ လုံခြုံရေးတင်းကျပ်လျက်ရှိ

18-Jan-2021

ဝါရှင်တန် ဇန်နဝါရီ ၁၇

အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာ ကျိန်ဆိုသည့်အခမ်းအနားမတိုင်မီ နိုင်ငံတစ်ဝန်း၌ လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

ဝါရှင်တန်မြို့၌ အရေးပေါ်အခြေအနေ ကြေညာ ထားပြီး အထူးတပ်ဖွဲ့ဝင်များအား လုံခြုံရေးတာဝန်များ ဆောင်ရွက်ရန် တပ်ဖြန့်ထားသည်။

အမေရိကန်ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရရှိမှု အပေါ် လက်ခံကျေနပ်မှုမရှိသည့် သမ္မတထရမ့်ထောက်ခံ သူများက ဇန်နဝါရီ ၆ ရက်တွင် ဥပဒေပြုလွှတ်တော်သို့

ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ပြီးနောက် နောက်ထပ် နှောင့်ယှက်မှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့်အတွက်

လုံခြုံရေးတင်းကျပ်စွာချထားခြင်းဖြစ်ကြောင်း အာဏာပိုင် များက ဆိုသည်။ ဥပဒေပြုလွှတ်တော်သို့ ဝင်ရောက်စီးနင်း မှုတွင် လူငါးဦး သေဆုံးခဲ့ရသည်။

ဇန်နဝါရီ ၂၀ ရက်တွင် ဂျိုးဘိုင်ဒင်က ၄၆ ယောက် မြောက်အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်သည်။

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ဥပဒေပြုလွှတ်တော်မျက်နှာစာရှိ ရင်ပြင်အတွင်း၌ ကျင်းပ လေ့ရှိပြီး ပြည်သူအများအပြားတက်ရောက်ကာ သမ္မတ ရာထူးတာဝန်များကို ထမ်းဆောင်မည့် သမ္မတလောင်းအား တစ်ခဲနက် ထောက်ခံကြိုဆိုလေ့ရှိသည်။

သို့သော် ယခုကျင်းပမည့် ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားသည် ယခင်နှစ်များနှင့် တူညီမှု မရှိပေ။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် စစ်ရေးပြ အခမ်းအနားကိုလည်း ထည့်သွင်းကျင်းပခြင်းမရှိသည့် အပြင် မူလကျင်းပလေ့ရှိသည့် ရင်ပြင်ကိုလည်း လုံခြုံရေး အကြောင်းပြချက်များကြောင့် ပိတ်ပင်ထားမည်ဖြစ်သည်။

ဥပဒေပြုလွှတ်တော်၏ ခြံဝန်းပတ်လည်တွင် လုံခြုံရေးအဖွဲ့ဝင်များ တပ်ဖြန့်ထားပြီး ကွန်ကရစ် ဘလောက်တုံးများချထားကာ လုံခြုံရေးဆောင်ရွက်ထား ကြောင်း သိရသည်။ ထို့ပြင် ဝါရှင်တန်မြို့သို့ ဝင်ရောက်မည့် မည်သည့်မော်တော်ယာဉ်မဆို စစ်ဆေးမှုခံယူရမည်ဖြစ် သည်။

အလားတူ ဝါရှင်တန်မြို့အနီးရှိ မေရီလန်းနှင့် အခြားပြည်နယ်နှစ်ခုကိုလည်း အရေးပေါ်အခြေအနေ ကြေညာထားသည်။

ဗာဂျီးနီးယားနှင့် ပင်န်ဆယ်ဗေးနီးယားပြည်နယ်များ အပါအဝင် ပြည်နယ် ၁၉ ခုတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားသည်။ တက္ကဆက်ပြည်နယ်၏ ဥပဒေပြု လွှတ်တော်ကိုလည်း ပိတ်ထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်အုပ်စု များက ဖန်တီးမည့် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားလာနိုင် ဖွယ်ရှိကြောင်း စုံစမ်းစစ်ဆေးရေး ဖက်ဒရယ်ဗျူရို (အက်ဖ်ဘီအိုင်)က သတိပေးပြောကြားခဲ့သည်။

လူမှုမီဒီယာများကလည်း အကြမ်းဖက်မှုများကို ရည်ရွယ်သည့် ရေးသားပြောဆိုမှုများကို စိစစ်လျက်ရှိပြီး တွစ်တာကုမ္ပဏီက သမ္မတထရမ့်၏အကောင့်ကို ပိတ်သိမ်း ခဲ့သည်။ အလားတူ ဖေ့စ်ဘွတ်ကလည်း လက်နက်များ ရောင်းချသည့်ကြော်ငြာများကို ပိတ်ပင်ထားကြောင်း သိရ သည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျေ