မြန်မာ COVID-19 ကူးစက်သူအရေအတွက် တရုတ်နိုင်ငံထက် ပိုများလာ

03-Dec-2020

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေရာမှာ အခုနောက်ဆုံး တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ကူးစက်သူ အရေအတွက်ဟာ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက်တောင် ပိုများလာနေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ကမာ့္ဘတဝန်း ကပ်ရောဂါ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေရာမှာ ဒီနေ့မွန်းလွဲပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံမှာ ကူးစက်သူအရေအတွက် ၈၆,၀၀၀ ကျော်ရှိနေပြီး၊ မြန်မာနိုင်ငံမှာတော့ ၉၃,၀၀၀ ကျော်ရှိနေတာကြောင့် ရောဂါစဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံထက်တောင် ပိုများနေတာပါ။

ရောဂါကူးစက်သူ တိုးလာနေတာနဲ့အမျှ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အရင်ကတည်းက အားနည်းတဲ့ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ရောဂါကူးစက်သူဦးရေ အများဆုံးရှိနေတဲ့ရန်ကုန်တိုင်းမှာ ဆိုရင်လည်း ဆေးရုံတွေနဲ့ ကိုဗစ်ရောဂါကုသရေးဌာနတွေမှာ လူနာတွေကို ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းအား လိုအပ်ချက်တွေကြောင့် ဆရာဝန်၊ သူနာပြုတွေမှာ အလုပ်ဝန်ပိတာတွေ ရှိလာနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ထောက်ပြနေပါတယ်။ တနေ့တခြား တိုးလာနေတဲ့ လူနာတွေကို ကုသဖို့ ကြိုးပမ်းနေရတဲ့ တချိန်တည်းမှာပဲ ရောဂါကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာမှုအားနည်းတာဟာလည်း အဓိက စိန်ခေါ်မှုတခုဖြစ်နေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနမှူး ဒေါက်တာမော်မော်ဦးက VOA ကိုပြောပါတယ်။

"လူနာတယောက်က ပုံမှန်အတိုင်းပဲ ကုရုံတင်မကဘူး၊ ICU နဲ့ HDU တွေပါ ရန်ကုန်ဆေးရုံကြီးမှာ ထားထားရတာပေါ့နော်။ အဲဒီအခါကျတော့ လူနာတယောက်ဆိုရင် တာဝန်ကျတဲ့ဆရာ၊ ဆရာမက ၄၊ ၅၊ ၆ ယောက်မက တာဝန်ယူရတဲ့ အခြေအနေမှာရှိတာလေ။ ဒါကြောင့် လူနာမဖြစ်အောင်နေကြဖို့ ကျနော်တို့ကပြောချင်တာ။ ပြည်သူတွေကိုတော့ အစကတည်းက စည်းကမ်းချက်တွေအားလုံးထဲမှာ Mask တပ်ပါ၊ လက်ဆေးပါ၊ Social Distancing လုပ်ပါ၊ လူစုလူဝေးကိုရှောင်ပါ၊ တတ်နိုင်ရင်အိမ်ထဲမှာပဲ နေပါလို့ ကျနော်တို့ပြောထားပြီးသားလေ။ လူစုလူဝေးဆိုတဲ့ကိစ္စကတော့ မဖြစ်မနေထွက်ရပါက ဆိုတဲ့ကိစ္စမှာ မဖြစ်မနေဆိုတာက ကိုယ့်ရဲ့စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ပတ်သက်လို့ ဒါတွေကသာ မဖြစ်မနေဖြစ်တယ်။ ပျော်ပွဲရွှင်ပွဲက မဖြစ်မနေ မဟုတ်ဘူးဆိုတာ ကျနော်တို့ကသတိပေးချင်တယ်။ အိမ်ထဲမှာပဲနေပြီးတော့ အပြင်ကိုမထွက်ဘဲနဲ့ နေနိုင်ရင်တော့ကောင်းတယ်။ ဒါပေမဲ့ ထွက်ဖို့ကြုံလာတဲ့အခါတိုင်းမှာလည်း စည်းကမ်းတကျနဲ့ Mask တပ်တာ၊ Social Distancing ကို သေသေချာချာလုပ်မယ်ဆိုရင် ကူးစက်မှုနည်းနိုင်မယ်။ မဟုတ်လို့ကတော့ ကိုယ့်အလှည့်ဘယ်တော့ရောက်မလဲဆိုတာ အဲဒါကို သေသေချာချာသတိထားကြဖို့ ကျနော်တို့က တိုက်တွန်းလိုတာ။"

မြန်မာနိုင်ငံမှာ ကူးစက်သူအတည်ပြုလူနာ ဒုတိယအများဆုံးရှိနေတဲ့ မန္တလေးတိုင်းမှာလည်း ရက်ပိုင်းအတွင်း ကူးစက်နှုန်းမြန်လာတဲ့ မန္တလေးခရိုင်အတွင်းက မြို့နယ် ၇ ခုမှာ ကျန်းမာရေးညွှန်ကြားချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ မဖြစ်မနေကိစ္စတွေကလွဲလို့ အိမ်ပြင်မထွက်ဖို့၊ ဘဏ်နဲ့ငွေကြေးဝန်ဆောင်မှု၊ အစားအသောက်နဲ့ ဆေးဝါးလုပ်ငန်းတွေကိုသာ အကန့်အသတ်နဲ့ လုပ်ကိုင်ခွင့်ပြုပြီး၊ ဈေးတွေကို သတ်မှတ်ချိန်အတွင်း ဖွင့်လှစ်ရောင်းချဖို့ အပါအဝင် ကပ်ရောဂါကာလ ၂ ပတ်တာ ကန့်သတ်ချက်တွေကို ဒီဇင်ဘာ ၅ ရက် စနေနေ့မှာ စတင်မယ့်အကြောင်းလည်း မန္တလေးတိုင်းအစိုးရက ပြောဆိုထားပါတယ်။ ရောဂါကူးစက်မှုတွေများတဲ့ ဒေသတွေမှာ ကပ်ရောဂါကာလ စည်းကမ်းချိုးဖောက်သူတွေကို အရေးယူတာ အပါအဝင် ရောဂါထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည်း မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဦးအေးမင်းမြက VOA ကိုပြောပါတယ်။

"မန္တလေးခရိုင်မှာ ပါဝင်တဲ့ မြို့နယ်တွေကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အခုမန္တလေးမှာ ပိုးတွေ့လူနာတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၇၆ ရာခိုင်နှုန်းက ရောဂါလက္ခဏာမပြဘဲ ပြည်သူလူထုအတွင်းမှာ သွားလာလှုပ်ရှားကူးစက်နေတာဖြစ်တဲ့အတွက်ကြောင့် မန္တလေးခရိုင်အတွင်းက ၇ မြို့နယ်မှာ စိုးရိမ်ရတဲ့အနေအထားရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ရမည်းသင်းမှာဆိုရင်လည်းပဲ မန္တလေးခရိုင်အတွင်းက ပြန်လာတဲ့သူတွေကို Quarantine ဝင်ဖို့ စီစဉ်ဆောင်ရွက်ပြီးတော့ ဆေးစစ်ချက်တွေယူတဲ့ အခြေအနေပေါ့နော်။ မန္တလေးခရိုင်မှာကတော့ ကူးစက်မှုများလို့ စိုးရိမ်ရတယ်ဆိုပေမဲ့ ကျန်တဲ့မြို့နယ်တွေရောဆိုရင်တော့ တိုင်းအတွင်းကမြို့နယ်တွေနဲ့ ခရိုင် ၇ မြို့နယ်နဲ့က သွားလာမှုတွေကလည်း ရှိနေတဲ့အတွက်ကြောင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင် စောင့်ကြည့်ပြီးတော့ မန္တလေး ပြန်လာတဲ့သူတွေကို Quarantine စခန်းတွေရောက်အောင်ပို့မှသာလျှင် မြို့နယ်တွင်းကူးစက်မှုတွေ လျှော့ချနိုင်မှာဖြစ်ပါတယ်။ "

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့်သေဆုံးသူ ၁,၉၉၈ ဦးရှိနေပြီး၊ ရောဂါအတည်ပြုလူနာကတော့ ၉၃,၆၀၀ ဦးရှိနေပါတယ်။ အာဆီယံဒေသတွင်း ၁၀ နိုင်ငံမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် ရောဂါကူးစက်သူဦးရေဟာ မြန်မာနိုင်ငံက တတိယနေရာမှာရှိနေပါတယ်။

VOA News