Moderna ရဲ့ COVID-19 ကာကွယ်ဆေး ထိရောက်မှု ၉၄% ကျော်ထိရှိ

17-Nov-2020

COVID-19 ကပ်ရောဂါ အတွက် ကာကွယ်ဆေးရဖို့ ကမ္ဘာတလွှား ကြိုးစားနေကြချိန်မှာပဲ အမေရိကန်အခြေစိုက် Moderna ဆေးကုမ္ပဏီက သူတို့စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ ၉၄.၅ % ထိရောက်မှု ရှိတာ တွေ့ရတယ်လို့ တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန်အစိုးရ ကျန်းမာရေးဌာန NIH ရဲ့ ကူးစက်ရောဂါဆိုင်ရာ NIAID ဌာန နဲ့ လက်တွဲပြီး ကာကွယ်ဆေးထုတ်လုပ်နေတဲ့ Massachusetts ပြည်နယ်အခြေစိုက် Moderna ဆေးကုမ္ပဏီက COVID-19 ကာကွယ်ဆေး ကို လူတွေနဲ့စမ်းသပ်နေတဲ့ နောက်ဆုံးအဆင့် Phase 3 အတွက် လူပေါင်း ၃ သောင်းနဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။

နောက်ဆုံး စမ်းသပ်မှုအဆင့် Phase 3 မှာ ရောက်နေပြီဖြစ်တဲ့ ဒီဆေးဟာ COVID-19 ရောဂါ အတွက် ကာကွယ်နိုင်စွမ်းရှိတာ တွေ့ရကြောင်း Moderna အမှုဆောင်အရာရှိချုပ် Stéphane Bancel က သတင်းထုတ်ပြန်ခဲ့တာပါ။

Moderna စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ အလားအလာရှိတဲ့ ဒုတိယမြောက် ကာကွယ်ဆေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အမေရိကန်အခြေစိုက် Pfizer နဲ့ ဂျာမဏီက BioNTech တို့ ပူးတွဲ စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးဟာ ရာခိုင်နှုန်း ၉ ၀ ကျော် ထိရောက်မှု ရှိတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်

သမ္မတဒေါ်နယ်ထရမ့်ကလည်း Moderna ကာကွယ်ဆေး အလာအလာကောင်းတဲ့ သတင်းအတွက် တွစ်တာကနေ ရေးပါတယ်။

နောက်ထပ်ကာကွယ်ဆေး တမျိုး ရပြီဖြစ်ကြောင်းနဲ့ ဒီတခါ ရတဲ့ Moderna ကာကွယ်ဆေးက ၉၅ % ထိရောက်မှုရှိတာ ဖြစ်ပြီး သူ့လက်ထက်မှာပဲ တရုတ်ကလာတဲ့ ကပ်ရောဂါ အဆုံးသတ်သွားစေမယ့် ထူးခြားတဲ့ တွေ့ရှိချက်တွေဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာထားတဲ့ ဂျိုးဘိုင်ဒန်ကလည်း ဒုတိယမြောက် အလားအလာကောင်းတဲ့ ကာကွယ်ဆေးရပြီ ဆိုတဲ့ သတင်းကြောင့် မေ ျှာ်လင့်ချက်တွေ ထားလာနိုင်ပြီဖြစ်ပေမယ့် လနဲ့ချီစောင့်ရအုံးမှာ ဖြစ်တဲ့အတွက် ဒီရောဂါပိုးမကူးစက်အောင် နှာခေါင်းစည်းတပ်တာနဲ့ လူချင်းခပ်ခွါခွါ နေတာတွေဆက်ပြီး လုပ်ဆောင်ကြဖို့ ပန်ကြားခဲ့ပါတယ်။

နောက် အမေရိကန်ဆေးကုမ္ပဏီကြီးတခု ဖြစ်တဲ့ Johnson & Johnson ကလည်း တနင်္လာနေ့မှာပဲ ဒီကာကွယ်ဆေးအတွက် လူနဲ့စမ်းသပ်တဲ့ နောက်ဆုံးအဆင့်ကို စတင်နေပြီဖြစ်ပါတယ်။

တနင်္လာနေ့မှာ ကမ္ဘာတလွှား COVID-19 အကူးစက်ခံရသူ ၅၄.၄ သန်းကျော်ရှိပြီး သေဆုံးရသူက ၁.၃ သန်းကျော်ရှိပါတယ်။

Crd VOA News