ကိုဗစ်ဆေး ရမ်ဒက်ဆီဗီးယားကို မသုံးသင့်ဘူးလို့ WHO ပြော

21-Nov-2020

ကိုရိုနာ ဗိုင်းရစ်ကုသဆေး ရမ်ဒက်ဆီဗီးယားကို ဘယ်လောက်ပဲရောဂါပြင်းထန်နေပါစေ ကိုဗစ်ရောဂါရှိသူတွေကို ကုသရာမှာ မသုံးသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ဆေးရုံပေါ်က လူနာ ခုနစ်ထောင်ကို ဒီဆေးနဲ့ စမ်းသပ်ကုသခဲ့ရာမှာ အသက်ရှင်ကယ်တင်နိုင်တဲ့နှုန်း တိုးတက်လာတဲ့ သက်သေအထောက်အထား မပြခဲ့ဘူးလို့ ဆိုပါတယ်။

ပထမဆုံးသုတေသနတွေအရ တချို့လူနာတွေကိုတော့ နာလန်ထချိန် တိုတောင်းမြန်ဆန်စေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊အမေရိကန်နဲ့တခြားနိုင်ငံတွေမှာ ရမ်ဒက်ဆီဗီးယား Remdesivir ဆေးကို ယာယီအနေနဲ့ အသုံးပြုကုသခွင့်ပေးဖို့ဖြစ်လာစေပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုဗစ်၁၉ ရောဂါဖြစ်တုန်းကဒီဆေးနဲ့ကုသခံခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ဒီဆေးနဲ့ပတ်သက်ပြီးသုတေသနတွေ ပိုလိုသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲတဲ့လတုန်းကလည်း ကိုရိုနာဗိုင်းရပ်စ် ကုသဆေး ရမ်ဒက်ဆီဗီးယားဟာ လူနာတွေ အသက်ရှင်သန်ရေးနဲ့ ပတ်သက်ပြီး ထိရောက်မှု နည်းပါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOရဲ့ သုတေသန စမ်းသပ်လေ့လာမှုက တွေ့ရှိထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီ ရမ်ဒက်ဆီဗီးယား Remdesivir ဆေးဟာ လုံးဝ မထိရောက်သလောက်ကနေ ထိရောက်မှု နည်းနည်းပဲ ရှိတဲ့ အခြေအနေဖြစ်တယ်လို့ အဲဒီ သုတေသန စစ်တမ်းအရ သိရပါတယ်။

ရမ်ဒက်ဆီဗီးယားဟာ ကိုဗစ်ကုသဆေးတွေထဲမှာ အစောဆုံး ကုသရာမှာ သုံးတဲ့ဆေးတွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒီဆေးဟာ မူလက အီဘိုလာရောဂါကို ကုသဖို့ ထုတ်လုပ်ထားတဲ့ဆေးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကုသရာမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ကို ထိထိရောက်ရောက်ကုနိုင်တဲ့ဆေး မရှိခဲ့တဲ့အတွက် နိုင်ငံတော်တော်များများက ဒီဆေးကို စမ်းသပ်ကြည့်ချင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက WHO ရဲ့တွေ့ရှိချက်ကို ဆေးထုတ်လုပ်တဲ့ အမေရိကန် ကုမ္ပဏီကြီး ဂိလိယတ် Gilead ကတော့ ပယ်ချထားခဲ့ပြီး WHO ရဲ့ စမ်းသပ်မှုရလဒ်က တခြား သုတေသနတွေနဲ့ မကိုက်ညီဘူးလို့လည်း ဂိလိယတ်ရဲ့ ဘက်က ပြောထားပါတယ်။

မြန်မာအပါအဝင် ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်အောက်နိမ့်တဲ့ နိုင်ငံ ၁၂၇ ခု အတွက် ဒီဆေးတွေ ထုတ်ဖို့ ဂိလိယတ် နဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီ ငါးခုတို့က မေလမှာ သဘောတူ စာချုပ်ချုပ်ခဲ့ကြပါတယ်။

ကုသဆေးနဲ့ပတ်သက်ပြီး အခုလို အခြေအနေရှိနေပေမဲ့ ကိုဗစ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့တော့ အမေရိကန်၊ ဂျာမနီ၊ ရုရှား၊ တရုတ် စတဲ့ နိုင်ငံတွက ထုတ်လုပ်တဲ့ ဆေးတွေရဲ့ ထိရောက်မှု စစ်တမ်း ရလဒ်တွေ နိုဝင်ဘာလအတွင်း အသီးသီး ထွက်ပေါ်လာခဲ့ပြီး တချို့ဆေးတွေကို ဒီနှစ်မကုန်ခင် ရနိုင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Crd BBC News