ဒေလီမှာ COVID 19 တတိယကူးစက်မှုလှိုင်း အဆိုးဆုံး အခြေအနေ ကျော်လွန်ခဲ့ပြီ (အိန္ဒိယ ကျန်းမာရေးဝန်ကြီး)

17-Nov-2020

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ အခု နောက်ဆုံး တကျော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုရဲ့ အဆိုးဆုံး အခြေအနေကို ကျော်လွန်သွားပြီလို့ မြို့တော် အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့ရဲ့ ကျန်းမာရေး ဝန်ကြီး Satyendar Jain က တနလာၤနေ့မှာ ပြောဆိုလိုက်ပါတယ်။

"အဆိုးဆုံး အခြေအနေ ကျော်လွန်သွားပြီ ဆိုတာကို အတိအကျ ပြောနိုင်ပါတယ်တဲ့။ အခု ကူးစက်မှုက ဖြည်းဖြည်းချင်း ကျဆင်းလာနေပါပြီ"လို့ ဝန်ကြီး Satyendar Jain က ရိုက်တာ သတင်းအေဂျင်စီရဲ့ မိတ်ဖက် ANI သတင်းဌာနကို ဖြေကြားခဲ့တာပါ။ မြို့တော်မှာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကျဆင်းလာတာကို ရည်ညွှန်းပြောဆိုသွားတာပါ။

ဒီပြောဆိုချက်ဟာဆိုရင် အသွားအလာ ကန့်သတ် ပိတ်ပင်မှု ထပ်လုပ်မယ့် အရေး စိုးရိမ်ချက်တွေကို ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။ မြို့တော် နယူးဒေလီမှာ အခု နောက်ဆုံး တကျော့ ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် အထူးကြပ်မတ် ကုသဆောင်တွေမှာ လူနာတွေ အပြည့်နဲ့ ဖြစ်ခဲ့ပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရတာပါ။ နိုင်ငံတွင်း တခြား ဒေသတွေမှာ ဗိုင်းရပ်စ် ကူးစက်မှု ကျလာပေမယ်လို့လည်း မြို့တော် နယူးဒေလီမှာ ဒီလ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များလာတာကို တွေ့ခဲ့ရတာပါ။

အာဏာပိုင်တွေကတော့ ဒါဟာ တတိယလှိုင်း ကူးစက်မှုလို့ သုံးနှုန်းသလိုဘဲ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အိန္ဒိယ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြုထားသူ ၈ ဒသမ ၈ သန်းရှိပြီး ဒီအရေအတွက်ဟာဆိုရင် အမေရိကန် ပြည်ထောင်စု ပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယမှာ စက်တင်ဘာ လလယ်ပိုင်းက အဆိုးဆုံး ကူးစက်ခံရမှုနောက်ပိုင်းမှာ နေ့စဉ် ကူးစက်ခံရမှုနှုန်း ကျဆင်းလာခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယမှာ လူပေါင်း ၁၂၉,၆၃၅ ဦး စံချိန်တင် သေဆုံးခဲ့ရပါတယ်။ တနလာၤနေ့မှာတော့ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၀,၅၄၈ ဦး ရှိတယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Crd VOA News