မိတ္ထီလာကန်ကူးတံတားအောက်တွင် ငါးမျှားရာက သေနတ် ၁ လက်နှင့် ကျည် ၁၀ တောင့်တွေ့

19-Nov-2020

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာကန်ကူးတံတား ရေလယ်တိုင် အမှတ် P4 အနီးမှာ နိုဝင်ဘာလ ၁၈ ရက်ညနေက ငါးမျှားရာမှာ သံချေးတက်နေတဲ့ Remington သေနတ် ၁ လက်နဲ့ ကျည် ၁၀ တောင့်တွေ့ခဲ့တယ်လို့ မိတ္ထီလာမြို့မရဲစခန်းက သိရပါတယ်။

မိတ္ထီကန်ကူးတံတား ရေလည်တိုင်အမှတ် (P4) မှာ သီရိမင်္ဂလာရပ်ကွက်နေ ကိုသန့်ဇင်နဲ့ ကိုစည်သူအောင် တို့ ၂ ဦး ငါးမျှားကြရာ ကိုသန့်ဇင်ရဲ့ ငါးမျှားချိတ်မှာ အရှည် ၅ ပေ ၁ လက်မ၊ အနံ ၃ ပေလောက်ရှိတဲ့ ဗီနိုင်းအစနဲ့ ထုတ်ထားတဲ့ အထုတ် ၁ ထုတ် ပါလာခဲ့ပါတယ်။ 

အဲဒီအထုတ်ကို ဖွင့်ကြည့်ရာက သံချေးတက်ပြီး အသုံးပြုမရတဲ့ အရှည် ၃ပေ ၁ လက်မရှိတဲ့ Remington သေနတ် ၁ လက်နဲ့ ကျည်ခါးပတ် ၁ ခု 12 bore ကျည် ၁၀တောင့်တွေ့ရတာကြောင့် ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။

မိတ္ထီလာမြို့မရဲစခန်းတာဝန်ကျ ရဲအရာရှိ ၁ ဦးက “ဟုတ်ပါတယ်၊ ငါးမျှားသူတွေ တွေ့တာပါ။ တပ်ကို စနစ်တကျ လွှဲအပ်လိုက်ပါပြီ”လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်း က တပ်မ(၉၉)တပ်ကို Remington သေနတ် ၁ လက်နဲ့ ကျည်ခါးပတ် ၁ ခု၊ ကျည် ၁၀ တောင့်ကို လွှဲပြောင်းအပ်နှံလိုက်တယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း

Crd DVB News