မတ်လရောက်လျှင် အသက် ၁၆ နှစ်အထက် နိုင်ငံသားတိုင်း ကာကွယ်ဆေးထိုးနိုင်ရမည်

10-Jan-2021

ဂျေရုဆလင် ဇန်နဝါရီ ၉

မတ်လကုန်ပိုင်းတွင် အစ္စရေးနိုင်ငံရှိ အသက် ၁၆ နှစ်အထက် နိုင်ငံသားတိုင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနိုင်ရမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံအတွက် ကိုဗစ် -၁၉ ကာကွယ်ဆေး ပိုမိုထုတ်လုပ်ပေးရန်လည်း ဖိုက်ဇာကုမ္ပဏီနှင့် သဘောတူထားသည်ဟု အစ္စရေးဝန်ကြီးချုပ်ကပြောသည်။ အပြန်အလှန်အားဖြင့် ကာကွယ်ဆေးထိုးပေးထားသည့် လူများ၏ အချက်အလက်များကို ကုမ္ပဏီနှင့် မျှဝေ သွားမည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ ဇန်နဝါရီ ၇ ရက်တွင် မော်ဒါနာကုမ္ပဏီမှ ကာကွယ်ဆေးများ အစ္စရေးသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့သည်။ ဇန်နဝါရီ ၁၀ ရက်တွင်လည်း ဖိုက်ဇာမှထုတ်လုပ်သည့် ကိုဗစ် -၁၉ ကာကွယ်ဆေးများ နောက်ထပ်ရောက်လာမည်ဟုလည်း နေတန်ယာဟုက ပြောသည်။ အစ္စရေးနိုင်ငံသည် ဒီဇင်ဘာ လအတွင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးစတင်ထိုးပေးခဲ့သည်။ အစ္စရေးတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၄၇၁၀၄၈ ဦးရှိပြီး သေဆုံးသူ ၃၅၅၂ ဦးရှိသည်ဟု သိရသည်။

ဆင်ဟွာ