ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်း အောင်သူကို ခေါ်ယူရန် ကြိုးပမ်းနေ

14-Nov-2020

ရန်ကုန် နိုဝင်ဘာ ၁၃

ထိုင်းလိဂ်-၁ ကလပ်ဘူရီရမ်အသင်းသည် MNL ကလပ် ရတနာပုံအသင်း၏ မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး အောင်သူကိုခေါ်ယူရန် ကြိုးပမ်းနေပြီး ရတနာပုံအသင်းနှင့် အခြင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

အောင်သူသည် ထိုင်းလိဂ်-၁တွင် နှစ်နှစ်ကြာကစားဖူးသူဖြစ်ပြီး လာမည့်နှစ်ဆန်း ပိုင်းတွင် ပြန်လည်ကစားခွင့်ရရန် အခွင့်အရေးရှိနေခြင်းဖြစ်သည်။ ထိုင်းလိဂ်-၁ ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် စက်တင်ဘာလမှ ပြန်လည်ကျင်းပခဲ့ပြီး ပထမ အကျော့မှာ နှစ်ကုန်ပိုင်းတွင် ပြီးဆုံးမည်ဖြစ်သောကြောင့် ဘူရီရမ်အသင်းအနေဖြင့် အောင်သူကို ရာသီဝက်တွင်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ ဘူရီရမ်အသင်းသည် အောင်သူကို အပြီးသတ်ခေါ်ယူရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ရတနာပုံအသင်း တာဝန်ရှိသူများနှင့် အသေးစိတ်အချက်အလက်များ ဆွေးနွေးလျက်ရှိသည်။ အောင်သူသည် ထိုင်းလိဂ်တွင် ပြန်လည်ကစားခွင့်ရရန် အခွင့်အရေးရှိလာခြင်းဖြစ်ပြီး ဘူရီရမ်အသင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရထားကာ ကလပ်နှစ်သင်းကြား သဘောတူညီမှုရပါက အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေသည်။

အောင်သူသည် ၂၀၁၈ ခုနှစ်တွင် ထိုင်းလိဂ်သို့ စတင်ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၈ ရာသီတွင် PoliceTeroအသင်း၊ ၂၀၁၉ရာသီတွင်မြောင်တောင်ယူနိုက်တက်အသင်းတို့၌ ပါဝင်ကစားခဲ့သည်။ လက်ရှိတွင် အောင်သူနှင့် ရတနာပုံအသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်မှာ သက်တမ်းအနည်းငယ်သာကျန်ရှိသောကြောင့် ဘူရီရမ်အသင်းအနေဖြင့် ပြောင်းရွှေ့ကြေးပေးကာ အပြီးသတ်ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - ဘုန်းသော်