ပုသိမ်ဈေးရုံ တစ်ရုံကို အသွားအလာကန့်သတ်

08-Dec-2020

ဒီဇင်ဘာလ ၄ ရက်နေ့က ပုသိမ်မြို့မဈေးရဲ့ ဈေးရုံ ၅ မှာ အလုပ်လုပ်နေတဲ့ ငှက်ပျောသီးသည် တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့အတွက် ဒီနေ့ကစပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ အဲဒီ ဈေးရုံထဲက ဆိုင်ခန်း ၁၂၀ ကျော်ကို ပိတ်ဖို့ ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ တစ်ဦးတွေ့ရင် လမ်းနဲ့ အနီးပတ်ဝန်းကျင် ၁၀ အိမ်ကို အသွားအလာ ကန့်သတ်ရမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့ က အသိပေးထားပါတယ်။

အသွားအလာ ကန့်သတ်ဖို့ တိုင်းကျန်းမာရေးဌာနအနေနဲ့ တိုင်းအစိုးရ အမိန့်ကို မစောင့်ဘဲ မြန်မြန်ဆန်ဆန်လုပ်ဖို့ ညွှန်ကြားထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးဝင်းဌေး ပြောပါတယ်။

“အဓိက လုပ်ပိုင်ခွင့်က တိုင်းကျန်းမာက တိုက်ရိုက်လုပ်ခွင့်ရှိတာ။ တိုင်းကျန်းမာက သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ အဲဒါ ပါတယ်။ အသွားအလာ ကန့်သတ်တယ်လို့ သုံးတာပေါ့နော်။ မနက်က တစ်တိုင်းလုံးအတွက် ပြောသွားတော့ တစ်တိုင်းလုံးကို ခြုံငုံပြီးတော့ ပြန်တင်ပါလို့ ပြောလိုက်တာ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ် အသွားအလာ ကန့်သတ်မယ်ဆိုရင် စောင့်မနေနဲ့ မြန်မြန်ဆန်ဆန်လုပ်လို့ ပြောလိုက်တယ်။ အဲဒါကြောင့်မို့လို့ ငှက်ပျောသီးတန်းတို့၊ ဘာတို့ ပါသွားတာ ဖြစ်မယ်ထင်တယ်”

ငှက်ပျောဆိုင်နဲ့ ထိစပ်ခဲ့သူတွေကို စစ်ဆေး စမ်းသပ်ရာမှာ လေးဦး ကူးစက်ခံထားရတယ်ဆိုတာကို မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့မှာ အဖြေထွက်ခဲ့ပါတယ်။

ဈေးထဲမှာ ကျန်းမာရေးဌာနက ခွင့်ပြုတဲ့ ဆိုင်အမျိုးအစားတွေပဲ ဖွင့်ထားကြတယ်လို့ ပုသိမ်မြို့မဈေးရဲ့ အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်း ကပြောပါတယ်။

“ ဆိုင်ခန်း ၁၂၆ ခန်း၊ မူလကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် အတိုင်း အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးဆိုင်တွေပဲ ဖွင့်လှစ်ခွင့်ပြုတာလေ။ အဲဒီထဲကမှ ငှက်ပျောသီးရောင်းတဲ့ ဆိုင်တွေကနေ အဲဒီလို ကိုဗစ်အတည်ပြုလူနာ တွေ့တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ စည်ပင်သာယာက လာပြီးတော့ မြို့မဈေး ဆိုင်ခန်း ၁၂၆ ခန်းလုံးကို Lock down ချတာ”

အခုလို ကန့်သတ်ခံလိုက်ရတဲ့ ဈေးရုံ ၅ မှာ ငှက်ပျောသီးဆိုင်တွေ အများဆုံး ရှိပြီး ပရဆေးဆိုင်တွေနဲ့ စိုက်ပျိုးရေးပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေလည်း ရှိပါတယ်။

ရုတ်တရက် ပေါ်ပေါက်လာတဲ့ ကန့်သတ်မှုကြောင့် လုပ်ငန်း အရှုံးပြသွားတယ်လို့ ငှက်ပျောသီးဆိုင်ရှင်တစ်ဦး ဖြစ်တဲ့ ဒေါ်အိအိမိုးက ပြောပါတယ်။

“စောစောစီးစီး ကြိုတင်သိရင် တနင်္ဂနွေနေ့ တစ်ရက် ဈေးပိတ်တယ် ဆိုတော့ စနေနေ့ လောက်ကတည်းက စည်ပင်က ကြိုပြောထားရင် အစ်မတို့က စီစဉ်လို့ အချိန်ရတယ်။ အခု တနင်္လာနေ့ ဈေးဖွင့်တဲ့ ရက်ကနေ စပြီးတော့ အစ်မတို့ က ပစ္စည်းကုန် အသစ်တွေ သွင်းရတယ်။ အခုက အဖီး လေးငါးထောင်က အစ်မတို့မှာ ရောင်းစရာ နေရာလည်း မရှိဘူး။ ဒီဈေးအပြင် ဘယ်မှလည်း သွားမရောင်းတက်တော့ အခက်အခဲတွေက တအားဖြစ်တယ်၊ ဆုံးရှုံးမှုတွေ”

ဈေးစဖွင့်တဲ့ တနင်္လာနေ့မှာ ရောင်းချဖို့ ဝယ်ထားတဲ့ ငှက်ပျောသီးတွေကို ငှက်ပျောသီးရောင်းသူတွေက အပြင်ကို သယ်ထုတ်နေရပါတယ်။

ဈေးကို Lock down ချရာမှာ ကြိုတင်ပြင်ဆင်မှု မရှိနိုင်ခဲ့တဲ့အတွက် ခက်ခဲမှုလေးတွေ တွေ့ရတယ်လို့ ငှက်ပျောသီးရောင်းချသူ ဦးအောင်မြင့်စိန် က ပြောပါတယ်။

“ ကုန်စိမ်းတွေက အထဲထဲရောက်နေတော့ သွင်းလိုက်ထုတ်လိုက် ဆိုတဲ့ အခက်အခဲလေးပေါ့။ အထဲသွင်း၊ အပြင်ထုတ် ကုန်ကျမှု အခက်အခဲလေးတွေ ရှိသွားမယ်။ ကုန်ပစ္စည်းတွေက အပြင်ထုတ်ရတယ်ဆိုတော့ ဈေးကိုပဲ မှီတွယ်ပြီးတော့ ရောင်းရတဲ့အခါမျိုးမှာ အပြင်ကိုထုတ်ရတော့ ရောင်းမယ့်နေရာတွေက အစ အကုန်လုံး ဈေးသူ၊ဈေးသားတွေ စီစဉ်ဖို့ အတွက်က တော်တော်လေး နှောင့်နှေးကြန့်ကြာမှု ရှိသွားတယ်။ ကြိုတင်ပြင်ဆင်မှု မရှိတဲ့အတွက် ခက်ခဲမှုလေးတွေ လာပြီးတော့ တွေ့လာတယ်။”

ဧရာဝတီတိုင်းထဲမှာ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းအထိ ပိုးတွေ့လူနာ ၃၂၅၉ ဦးရှိပြီး ကုသဆဲ လူနာက ၇၈၃ ဦး ရှိကာ သေဆုံးသူ က ၂၁ ဦး ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တစ်သိန်းကျော်သွားပြီဖြစ်ပြီး ပြန်လည်သက်သာလာသူက ခုနှစ်သောင်းကိုးထောင်ကျော်ရှိပါပြီ။ သေဆုံးသူ ၂၁၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

RFA Burmese