အမျိုးသမီးတရားသူကြီး ၂ ဦး ရုံးတက်ချိန် လုပ်ကြံခံရ

18-Jan-2021

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ အမျိုးသမီး တရားသူကြီး ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ အာဖဂန်အရာရှိတွေက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ သူတို့ ၂ ဦးလုံးဟာ အာဖဂန်နစ္စတန်နိုင်ငံ တရားရုံးချုပ်က တရားသူကြီးတွေဖြစ်ပြီး မကြာသေးခင်လတွေအတွင်း ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခံရသူတွေထဲ နောက်ဆုံးအသတ်ခံရသူတွေ ဖြစ်ပါတယ်။

အမျိုးသမီး တရားသူကြီးတွေဟာ နံနက်ပိုင်း အလုပ်ကိုအလာ လမ်းမှာ အမည်မသိ တိုက်ခိုက်သူတွေက သူတို့စီးလာတဲ့ မော်တော်ယာဉ်ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ တရားရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဒါ့အပြင် တတိယအမျိုးသမီးတရားသူကြီးနဲ့ ယာဉ်မောင်းဖြစ်သူလည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း မြို့တော်ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ပါတယ်။

အခုလို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိကြောင်း ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

တာလီဘန်လက်နက်ကိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ ဒီသတ်ဖြတ်မှုမှာ သူတို့ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတရားသူကြီး ၂၅၀ လောက်ရှိပြီး အစိုးရရှေ့နေအဖြစ် ထမ်းဆောင်နေတဲ့ အမျိုးသမီးအရေအတွက် ၄၀၀ နီးပါးလောက်ရှိတယ်လို့ အာဖဂန်အရာရှိတွေက ပြောပါတယ်။

တနင်္ဂနွေနေ့က အကြမ်းဖက်တိုက်ခိုက်မှုဟာ မြို့တော် ကဘူးလ်နဲ့ တဝိုက်က အစိုးရအရာရှိတွေ၊ နိုင်ငံရေးသမားတွေ၊ အစိုးရရှေ့နေတွေ၊ ဆရာဝန်တွေ၊ သတင်းထောက်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားပြီး အမည်မဖော်တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေထဲက နောက်ဆုံးတိုက်ခိုက်မှု ဖြစ်ပါတယ်။

အခုလို အမျိုးသမီးတရားသူကြီးတွေကို လုပ်ကြံသတ်ဖြတ်တဲ့ လုပ်ရပ်ကို အာဖဂန်သမ္မတ Ashraf Ghani က ပြစ်တင်ရှုတ်ချခဲ့ပြီး ပစ်မှတ်ထား တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ တာလီဘန်တွေ ရှိနေတယ်လို့လည်း သမ္မတက ထပ်မံ စွပ်စွဲပြောကြားခဲ့ပါတယ်။

တာလီဘန်သူပုန်တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ သမ္မတက ထပ်မံတောင်းဆိုလိုက်ချိန်မှာပဲ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်ဝါဒဟာ ပြဿနာတွေကို ဖြေရှင်းတဲ့နည်းလမ်း မဟုတ်ဘူးလို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။

VOA News