အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး လူသားတွင် စမ်းသပ်မှုစတင်

03-Nov-2020

ဂျေရုဆလင် နိုဝင်ဘာ ၂

အစ္စရေးနိုင်ငံတွင် လူသား၌ ကိုဗစ် -၁၉ ကာကွယ်ဆေး စမ်းသပ်မှုကို နိုဝင်ဘာ ၁ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း ဟတ်ဒါဆာနှင့် ရှီဘာ ဆေးဘက်ဆိုင်ရာစင်တာက ပြော သည်။

ရှီဘာဆေးရုံသည် အစ္စရေးနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး အသက် ၂၆ နှစ်အရွယ် စီးပွားရေးကျောင်းသူ တစ်ဦးက Brilife ကာကွယ်ဆေးကို စမ်းသပ်ခံပေးခဲ့သည်။ အဆိုပါကာကွယ်ဆေးကို အစ္စရေးနိုင်ငံ ဇီဝသုတေသန သိပ္ပံမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။ ရှီဘာဆေးရုံသို့ နိုဝင်ဘာ ၁ ရက်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု လာရောက်ခဲ့ပြီး ကိုဗစ် -၁၉ မှ တစ်ခုတည်း သော ထွက်ပေါက်မှာ ကာကွယ်ဆေးထုတ်လုပ်နိုင်ခြင်း ပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် ယခုအချိန်သည် အလွန်အရေးကြီးသည့် အချိန်ဖြစ်သည်ဟု အားပေးစကားပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အသက် ၃၄နှစ် အရွယ် စေတနာ့ ဝန်ထမ်းတစ်ဦးသည် ဂျေရုဆလင်မြို့ရှိ ဟတ်ဒါဆာ ဆေးရုံအတွက် ကာကွယ်ဆေးအထိုးခံခဲ့သည်။ ယခုလ အတွင်း စေတနာ့ဝန်ထမ်း ၈၀ ကျော်သည် ဆေးရုံနှစ်ရုံတွင် ကာကွယ်ဆေးအထိုးခံမည်ဖြစ်ပြီး ၎င်းတို့ထဲမှ တစ်ဝက် ကို ကာကွယ်ဆေးပေးမည်ဖြစ်ပြီး ကျန်တစ်ဝက်ကိုမူ ကာကွယ်ဆေးနှင့် အာနိသင်ချင်းတူသည့် ဆေးပေးမည် ဖြစ်သည်။

ထို့နောက် သီတင်းသုံးပတ်ကြာပြီးနောက် ကာကွယ် ဆေး တကယ်အလုပ်ဖြစ်မဖြစ် သုတေသီများက အကဲဖြတ် သွားမည်ဖြစ်သည်။ ဒုတိယအဆင့် စမ်းသပ်မှုကို ဒီဇင်ဘာလအတွင်း လုပ်ဆောင်ရန် ရည်ရွယ်ထားပြီး လုံခြုံစိတ်ချရမှုအတွက် စေတနာ့ဝန်ထမ်းပေါင်း ၉၆၀ ဖြင့် စမ်းသပ်သွားမည်ဖြစ်သည်။ နောက်ခြောက်လကြာ ပြီးနောက် တတိယအဆင့် စမ်းသပ်မှုကို လူပေါင်း ၃၀၀၀၀ တွင် စမ်းသပ်မှုပြုလုပ်မည်ဖြစ်သည်။ ဆင်ဟွာ