ကိုဗစ်ကုသရေး ဧရာဝတီစင်တာ(မန္တလေး)ကို ၃၇၅ ခုတင်ဆံ့ ကုသရေးစင်တာအဖြစ်တိုးချဲ့ထားမှု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှု

15-Nov-2020

မန္တလေး   နိုဝင်ဘာ   ၁၄

ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်  လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏    ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်ထား သည့်    ကိုဗစ်ကုသရေး   ဧရာဝတီစင်တာ (မန္တလေး)ကို  ၃၇၅ ခုတင်ဆံ့ ကုသရေးစင်တာ အဖြစ်   တိုးချဲ့တည်ဆောက်ခဲ့ပြီး    ရောဂါပိုး ကူးစက်ခံထားရသူများအား ကုသပေးလျက် ရှိသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့်    တာဝန်ရှိသူများသည် ၃၇၅  ခုတင်ဆံ့အဖြစ်  တိုးချဲ့တည်ဆောက် ထားသည့်   ကိုဗစ်ကုသရေး   ဧရာဝတီစင်တာ (မန္တလေး)ကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ    ဦးဇော်ဇော်၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်  ဒေါက်တာခင်မောင်လွင်၊ ဧရာဝတီစင်တာ (မန္တလေး) တာဝန်ခံ   ဆေးရုံအုပ် ဒေါက်တာ ဇော်ဝင်းထွန်းနှင့် တာဝန်ရှိသူများက   စီစဉ် ဆောင်ရွက်ထားမှုများအား ရှင်းလင်းတင်ပြ ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်  များကို  ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည်။ မန္တလေး မြို့ရှိ   မန္တလာသီရိအားကစားကွင်း၌   တည်ဆောက်ထားသည့် ကိုဗစ်ကုသရေး ဧရာဝတီ စင်တာ(မန္တလေး)ကို ယခင်က ခုတင် ၃၀၀  ဆံ့ အဖြစ် တည်ဆောက်ခဲ့ပြီး ယခုအခါ လိုအပ် ချက်များအရ  ICU/HDU အပါအဝင် ၇၅ ခုတင် တိုးချဲ့ကာ ၃၇၅  ခုတင်ဆံ့  ကုသရေးစင်တာ အဖြစ် တိုးချဲ့ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကုသရေး      ဧရာဝတီစင်တာ (မန္တလေး)တွင်  ရောဂါပိုးကူးစက်ခံထားရသူ များအား ကုသပေးရန် ခေတ်မီ စက်ပစ္စည်းများ  တပ်ဆင်ပေးထားသလို ICU/HDU တွင် ကုသ ခံရမည့်လူနာများအတွက် ခေတ်မီကုသရေး ပစ္စည်းများ၊ ကျောက်ကပ်ဆေးသည့်စက်များ၊ ဓာတ်ခွဲခန်းများလည်း ထည့်သွင်းတပ်ဆင်ပေး ထားသည်။  ဧရာဝတီစင်တာ(မန္တလေး)တွင် ရောဂါကုသမှုများနှင့် ကျန်းမာရေးစောင့်ရှောက် မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက တာဝန်ယူဆောင်ရွက်ကာ ကျန်းမာရေး ဝန်ထမ်း၊   စေတနာ့ဝန်ထမ်းများနှင့်   ရောဂါ ကုသမှုခံယူမည့်  လူနာများ၏ နေ့စဉ်အစား အသောက်များကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် Tests and Care  စင်တာလည်း ထည့်သွင်း ဆောက်လုပ်ထားပြီး ရောဂါပိုး  ရှိ၊ မရှိ  စစ်ဆေး ပေးသွားမည်ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်း သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်မှုကိုခံယူကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများအား   ကုသပေးရန် ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာ များကို  ရန်ကုန်မြို့တွင်  ခုတင် ၁၀၀၀ ဆံ့၊ မန္တလေးမြို့တွင် ၃၇၅ ခုတင်ဆံ့အဖြစ် ဆောက် လုပ်ပေးထားကြောင်း သိရသည်။

သတင်း-ရဲရင့်ရှိုင်း၊

ဓာတ်ပုံ-ကိုမိုး