ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး မြန်မာ ၂ ဦး ဘေးထွက်ဆိုးပြစ် မကြုံရ

13-Jan-2021

အမေရိကန် ပြည်ထောင်စုမှာ အသုံးပြုနေတဲ့ Covid-19 ကာကွယ်ဆေး ၂ မျိုး ဖြစ်တဲ့ Pfizer နဲ့ Moderna ထိုးထားကြသူ မြန်မာ အမေရိကန်တွေကတော့ ဘေးထွက်ဆိုးကျိုး မခံစားရဘူးလို့ ပြောကြပါတယ်။ COVID-19 ကာကွယ်ဆေးကို အခမဲ့ ထိုးပေးနေပေမယ့် ကာကွယ်ဆေးထိုးဖို့ စိုးရိမ်နေကြသူတွေလည်း ရှိနေတာပါ။

“ ဘာဆို ဘာမှ မဖြစ်ဘူး။ နည်းနည်းလေးတောင် မနာဘူး။ ပထမ Flu Shot ထိုးတုန်းက လက်မောင်းတွေ အောင့်သေးတယ် ဒီတခုကတော့ ဘာမှ မဖြစ်ဘူး။ ”

သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ အလုပ်လုပ်နေတဲ့ အမေရိကန် ပြည်ထောင်စု မယ်ရီလန်း ပြည်နယ်နေ ဒေါ်အေးအေးငြိမ်းရဲ့ အတွေ့အကြုံပါ။ သူက Pfizer နဲ့ BioNTech ရဲ့ Covid 19 ကာကွယ်ဆေးထိုးခဲ့တာ သီတင်း သုံးပတ်ပြည့်လို့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဒုတိယ အကြိမ် ထပ်ပြီး ကာကွယ်ဆေးထိုးမှာပါ။ အရေးပေါ် အသုံးအဖြစ် ခွင့်ပြုလိုက်တဲ့ Moderna ရဲ့ Covid 19 ကာကွယ်ဆေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က ထိုးခဲ့တဲ့ ဆေးခန်း ဝန်ထမ်း မယ်ရီလန်း ပြည်နယ်မှာနေတဲ့ ဒေါ်မေသန်းကို မေးထားပါတယ်။

ဒေါ်မေသန်း။ ။ ကျမက Health Worker ဆိုတော့ ကျမက ထိုးခွင့်ရတာပေါ့နော် စောပြီးတော့။

သိင်္ဂ ီထိုက်။ ။ ဘယ်ဆေးထိုးပါလဲရှင့်။

ဒေါ်မေးသန်း။ ။ Moderna ပါ။

သိင်္ဂ ီထိုက်။ ။ အန်တီ ဆေးထိုးတာလည်း ရက်ပိုင်း ရှိပြီ ဆိုတော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ခံစားရတာ ရှိပါလား။

ဒေါ်မေသန်း။ ။ လုံး၀ မရှိပါဘူးရှင့်။

ဒါပေမယ့် ကာကွယ်ဆေး မထိုးသူတွေ ရှိနေပါတယ်။ သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ အလုပ်လုပ်နေတဲ့ ဒေါ်အေးအေးငြိမ်းက ရှင်းပြထားပါတယ်။

ဒေါ်အေးအေးငြိမ်း။ ။ အကုန်လုံး မထိုးဘူး အမ။ Nurse (သူနာပြု)တွေလောက်ကတော့ ထိုးတယ်။ ကျန်တဲ့ ဝန်ထမ်းတွေကတော့ ထိုးချင်ထိုး မထိုးချင်နေ။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ မအေးငြိမ်းကရော ဘာလို့ ကာကွယ်ဆေး ထိုးပါလဲ။

ဒေါ်အေးအေးငြိမ်း။ ။ ကျနော်က ဆရာဝန်ကို အရင်မေးတယ်လေ။ ကျနော်တို့ ဆီက မြန်မာ ဆရာဝန် ရှိတယ်လေ။ ဆရာ ကျနော် ထိုးရမလားဆိုတော့ ထိုးတဲ့ ဘာမှ မဖြစ်ဘူးတဲ့။ ဘာမှ Side Effect (ဘေးထွက်ဆိုးကျိုး) လည်း မရှိဘူး။ ဘာမှ မဖြစ်ဘူး ထိုးတဲ့။ နင်ကတောင် ငါ့ထက် စောနေသေးတယ်လို့ သူက ပြောတယ်။ အဲဒါနဲ့ ကျနော်လည်း ထိုးလိုက်တာ။ ဘာမှ မဖြစ်ဘူး။ ဒီက Nurse မတွေကိုလည်း မေးလိုက်တော့ ဘာမှ မဖြစ်ပါဘူးတဲ့။ အားလုံး စမ်းသပ်ပြီးမှ အကုန်လုံး လုပ်ထားတဲ့ အတွက် ဘာမှ မဖြစ်ပါဘူးတဲ့။

Pfiza နဲ့ BioNTech ၊ နောက် Moderna တို့ရဲ့ COVID 19 ကာကွယ်ဆေးတွေကို အခမဲ့ ထိုးပေးနေတာပါ။ ဒေါ်မေသန်းကတော့ Drive Through လို့ ခေါ်တဲ့ ကားနဲ့သွားပြီး တန်းစီပြီး ဆေးထိုးပေးတဲ့ ဝန်ထမ်းက ကားထိ လာပြီး ထိုးပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် Pfiza ကာကွယ်ဆေးကို ထိုးမလား Moderna ကို ထိုးမလားဆိုတာတော့ ရွေးချယ်လို့ ရပါလားလို့ မေးကြည့်တာမှာတော့

“ အဲလိုတော့ မဟုတ်ဘူးရှင့်။ သူတို့ဆီမှာ ရှိတာကို ထိုးပေးလိုက်တာပါ။ ကျမကတော့ ဘာထိုးမယ်ဆိုပြီး ရွေးချယ်ခွင့် မရှိပါဘူး။ ”

COVID -19 ကာကွယ်ဆေး ထိုးပေးနေပေမယ့်လည်း လုပ်ငန်းခွင်တွေ အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူတွေ ဆက်ပြီး တွေ့နေဆဲ ဖြစ်တယ်လို့လည်း သက်ကြီး စောင့်ရှောက်ရေး ဝန်ထမ်း ဒေါ်အေးအေးငြိမ်းက ပြောပြပါတယ်။

“ဒီလိုဘဲ အမ တချို့ ထိုးထားတဲ့ လူလည်း ရှိတယ်။ မထိုးတဲ့ လူလည်း ရှိတယ်ဆိုတော့ ကိုယ်တွေက ဒီတိုင်းဘဲလေ။ ပြီးတော့ ကျနော်တို့ အလုပ်မှာ တပတ်ကို ၂ ခါ COVID စစ်ရပါတယ်။ တွေ့တဲ့သူဆို သူတို့ကို အိမ်မှာ ၁၀ ရက် Stay Home နေခိုင်းလိုက်တယ်။ မလာခိုင်းဘူး။”

ကမ္ဘာမှာ COVID 19 ဖြစ်ပွားမှု အများဆုံး အမေရိကန် ပြည်ထောင်စုမှာ COVID -19 ကာကွယ်ဆေး အရှိန်မြှင့် ထိုးနှံပေးနေတာမှာ ကျန်းမာရေး ဝန်ထမ်းတွေ၊ နောက် သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွေမှာ နေထိုင်နေကြသူတွေနဲ့ စောင့်ရှောက်မှု ပေးနေသူတွေကို ဦးစားပေး ထိုးနှံပေးခဲ့ပြီး ဒီရက်ပိုင်း အတွင်းမှာတော့ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေနဲ့ အများပြည်သူနဲ့ မဖြစ်မနေ ထိတွေ့ အလုပ်လုပ်နေကြရတဲ့ လုပ်သားထုကိုပါ စပြီး ကာကွယ်ဆေး ထိုးပေးနေပါတယ်။ နယူးယောက် ပြည်နယ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျောင်ဆရာ ဆရာမတွေနဲ့ အသက် ၇၅ နှစ်နဲ့ အထက် ပုဂ္ဂိုလ်များကို တနလာၤနေ့က စလို့ ကာကွယ်ဆေးထိုးနေပါပြီ။

VOA News