ကိုဗစ်ကာကွယ်ဆေးရတာနဲ့ အမြန်ဆုံးအသုံးပြုမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

09-Dec-2020

မြန်မာနိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေး ရတဲ့အခါ အမြန်ဆုံး စပြီး သုံးဖို့ စီစဉ်နေပြီ ဖြစ်ပေမယ့် ကာကွယ်ဆေး အကျိုးသက်ရောက်မှု အပြည့်အဝ ရှိဖို့ ပြည်သူလူထု အနေနဲ့ သတိထားဖို့ လိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အခုဆိုရင် ကာကွယ်ထိုးဆေးကို တချို့နိုင်ငံတွေမှာ စပြီးတော့ သုံးနေပါပြီ။ သုံးနေတယ်ဆိုတာ တချို့နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဒီအပတ်ကစပြီးတော့ သုံးတော့မယ်ဆိုပြီးတော့ ကြေညာထားတာရှိတယ်။ တချို့တွေက စပြီးတော့တောင်မှ စမ်းပြီးတော့ သုံးနေပါပြီ။ ဒီတော့ ကျမတို့နိုင်ငံဟာလည်း ကာကွယ်ဆေးရတဲ့အခါမှာ ကာကွယ်ဆေးသုံးလို့ အဆင်ပြေမယ့် အချိန်မှာဆိုရင် အမြန်ဆုံးစပြီးသုံးဖို့ ကျမတို့ စီစဉ်နေပါပြီ။ သို့သော်ငြားလည်း ပြည်သူလူထုအနေနဲ့ ဒီကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုကို အပြည့်အ၀ ခံစားဖို့ဆိုရင် အခုအချိန်မှာ သိပ်ပြီးတော့ သတိထားဖို့ လိုတယ်။ ကျမတို့ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုရင် တချို့ကနေပြီးတော့ ကာကွယ်ဆေး ရတော့မှာပဲ ဆိုပြီးတော့ ပေါ့သွားမှာကို ကျမ စိုးရိမ်ပါတယ်။ ဒီလိုပေါ့သွားလို့ မဖြစ်ပါဘူး။”

ကိုဗစ်ရောဂါရဲ့ နောင် အကျိုးဆက် ဘယ်လိုရှိလဲဆိုတာ မသိတဲ့အတွက် ပေါ့ဆလို့ မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ် နောက်ဆုံး အခြေအနေ ပြည်သူကို အစီရင်ခံ တင်ပြရာမှာ ထည့်သွင်း ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မနေ့က ကိုဗစ်ကြောင့် သေဆုံးသူက ၁၉ ယောက်ရှိခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း သေဆုံးသူ ၂,၁၅၁ ယောက် ရှိပြီ ဖြစ်ပါတယ်။

ကိုဗစ် ကူးစက်မှု ဆက်လက် မြင့်တက်နေတဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ကန့်သတ်မှုအသစ်တွေတိုးမြှင့်လုပ်ဆောင်နေသလို၊ COVID19 ကူးစက်မှု သံသယရှိသူတွေကို ထားမယ့် သီးခြားခွဲစောင့်ကြည့်နေရာတွေနဲ့ ကုသရေးစင်တာတွေကိုလည်း တိုးမြှင့် ဖွင့်လှစ်နေရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ မနေ့ အင်္ဂါည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID 19 လူနာ အသစ် ၁,၃၀၈ ယောက်ထပ်မံ တွေ့ရှိတာ ကြောင့် ကူးစက်သူပေါင်း ၁၀၁,၇၃၉ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၂၃,၀၀၀ ကျော်ကို စစ် ဆေးခဲ့တာမှာ အခုလို ရောဂါကူးစက်ထားသူ ၁၃၀၀ ကျော်ကိုတွေ့ရှိခဲ့တာပါ။

VOA News