ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD အလုံးရေ ၂၀၀၀ နေပြည်တော်သို့ ရောက်ရှိ

27-Jan-2021

နေပြည်တော် ဇန်နဝါရီ ၂၆

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီ အမံများကို အထောက်အကူပြုစေ ရန် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံ အခြေ စိုက် Serum Institute of India (SII) ထုတ် ကိုဗစ်-၁၉ ကာကွယ် ဆေး COVISHIELD ၁ ဒသမ ၅ သန်းကို ပထမအကြိမ် ကူညီ ထောက်ပံ့ခဲ့ရာ ဇန်နဝါရီ ၂၂ ရက် က ရန်ကုန်မြို့သို့ လေကြောင်းခရီး ဖြင့် ရောက်ရှိခဲ့သည်။

ယင်းကိုဗစ်-၁၉ ကာကွယ် ဆေးများအနက်မှ အလုံးရေ ၂၀၀၀ ကို ရန်ကုန်မြို့ ဗဟိုဆေးသိုလှောင် ရုံမှတစ်ဆင့် နေပြည်တော်သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင် ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိ သည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ် ဆေးအလုံး ၂၀၀၀ ကို TTA Co,.Ltd မှ ဆေးပို့တာဝန်ခံ ဦးအောင်ကိုဦး က နေပြည်တော် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးစုကြည်ထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။

နေပြည်တော် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာမျိုးစုကြည်က “ အခု ရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ကာကွယ် ဆေးတွေကို ဇန်နဝါရီ ၂၇ ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို စတင် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ နောက်မှာ ဗဟိုကညွှန်ကြားချက်တွေ နဲ့အညီ ဆေးထိုးမယ့်အစီအစဉ်တွေ ကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေး စတင် ထိုးနှံပေးမယ့်အထဲမှာ ပြည်ထောင်စု နယ်မြေ နေပြည်တော် ရှစ်မြို့နယ် အတွင်းမှာရှိတဲ့ ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနက ဝန်ထမ်း တွေ၊ ဗဟိုအဆင့် ဆေးရုံကြီးက ဝန်ထမ်းတွေ ပါပါတယ်။ စုစုပေါင်း ကျန်းမာရေးဝန်ထမ်းလူဦးရေ ၃၈၀၀ ကျော်ကို မနက်ဖြန်မှာ ပထမအကြိမ် အဖြစ် စတင်ထိုးနှံသွားမှာ ဖြစ်ပါ တယ်။

“ပထမအကြိမ် ဆေးထိုးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ၂၈ ရက် အကြာမှာ ဒုတိယအကြိမ် ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစီ အစဉ်နဲ့ ကာကွယ်ဆေးထိုးနှံသွား မယ့် ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိပါတယ်။ ကျန်တဲ့သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနတွေ၊ ကျန်းမာ ရေးနှင့် နှီးနွှယ်တဲ့ ဦးစီးဌာနတွေက ဝန်ထမ်းတွေကိုတော့ ဗဟိုက အစီ အစဉ်နဲ့ ထိုးနှံသွားဖို့ ရှိပါတယ်။

“အခုရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ဟာ ဆိုရင် ၂ စင်တီဂရိတ်မှ ၈ စင်တီဂရိတ် Cold Chain စနစ်နဲ့ သယ်ဆောင် ရမှာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ နေပြည်တော်ကိုလည်း Cold Chain စနစ်နဲ့ သယ်ဆောင်လာပါတယ်။ ကာကွယ်ဆေးတွေကို လက်ခံပြီး ရင်လည်း Cold Chain စနစ်နဲ့ပဲ သယ်ယူသွားပြီးတော့မှ နေပြည် တော် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ဆေးသိုလှောင်ရုံမှာရှိတဲ့ အအေးခန်းမှာ သိုလှောင်ထားရှိမှာ ဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် ကာကွယ်ဆေးထိုးနှံမယ့် နေ့တွေ မှာ သက်ဆိုင်ရာ မြို့နယ်တွေ၊ ဆေးရုံတွေကို Cold Chain စနစ် နဲ့ပဲ ဆက်ပြီးတော့ သယ်ယူ ပို့ဆောင်ပြီး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးများ ကို နေပြည်တော် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့် ကုသရေးဦးစီး ဌာန ဆေးသိုလှောင်ရုံ အအေးခန်း၌ စနစ်တကျ ထိန်းသိမ်းထားရှိလျက် ရှိပြီး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံရမည့် အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း - ဟိန်းမင်းစိုး

ဓာတ်ပုံ - စိုးဝင်းထွန်း