ကချင်ပြည်နယ်၌ လေကြောင်းလိုင်းများစတင်ပြေးဆွဲ

18-Dec-2020

မြစ်ကြီးနား    ဒီဇင်ဘာ    ၁၇

ကချင်ပြည်နယ်၌ ကိုဗစ်- ၁၉ ရောဂါအခြေအနေ ကြောင့် ယာယီပိတ်ထားခဲ့သည့် လေကြောင်း လိုင်းများအား ယနေ့မှစ၍ တစ်ပတ်လျှင် သုံးရက်ခန့် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်းနှင့် ရန်ကုန်- မန္တလေး- မြစ်ကြီးနားခရီးစဉ်များသို့ အဓိကထား ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရသည်။

မြစ်ကြီးနားသို့ လိုက်ပါလာမည့်ခရီးသည်များအား မြစ်ကြီးနားမြို့သို့ ရောက်ရှိလာပါက   ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သတ်မှတ်ထားသည့် ဟိုတယ် လေးနေရာနှင့် မြစ်ကြီးနားတက္ကသိုလ်တို့တွင် ခုနစ်ရက်တိတိ မိမိစရိတ်ဖြင့်  အသွားအလာ ကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဆေးစစ်ချက် များအရ ကိုဗစ်- ၁၉ ရောဂါ ကင်းစင်မှသာ  မိမိတို့ သွားရောက်မည့် သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်ထွက်ခွာခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက လေယာဉ်စီး ခရီးသည်များအနေဖြင့် လေယာဉ်ပေါ် မတက်မီ    Rapid    Test   Kit ဖြင့် ၃၆ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်- ၁၉ ရောဂါကင်းစင်ကြောင်း လက်မှတ်ပြနိုင်မှသာ လေယာဉ်ပေါ်တက်ခွင့် ရှိသောကြောင့် လေယာဉ်စီးနင်းမည့်  ခရီးသည်များ အား ၁၅ မိနစ်အတွင်း ဓာတ်ခွဲအဖြေထွက်သည့် နည်းလမ်းဖြင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ကိုဗစ်- ၁၉ ရောဂါ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြား သည်။

 အဆိုပါ လေကြောင်းလိုင်းများအနေဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား- ဗန်းမော်- ပူတာအို ခရီးစဉ်ကို ခရီးသွားပြည်သူများအပေါ်မူတည်ပြီး ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသား လေကြောင်းလိုင်းမှ သိရ သည်။

စိန်ဝင်း(ပြန်/ဆက်)