ဂျပန်မှာ ကိုဗစ်ကူးသူတွေထဲ မြန်မာတွေလည်း ပါလာ

26-Nov-2020

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးနေတဲ့ ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံသားတချို့လည်း ရောဂါကူးစက်ခံရတဲ့အထဲ ပါဝင်လာတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

နေ့စဉ်ကပ်ရောဂါကူးစက်ခံရသူ ၂,၀၀၀ ဝန်းကျင်ရှိနေတဲ့ ဂျပန်နိုင်ငံမှာ မြန်မာအများစုနေထိုင်တဲ့ တိုကျိုမြို့တော်က ရပ်ကွက်တချို့မှာလည်း ရောဂါကူးစက်မှုတွေ ကြုံနေရတာပါ။ ရောဂါကူးစက်မှုတွေ တိုးလာရာက လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ပါ ရောဂါကူးစက်ခံကြရတာလို့လည်း ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း (ဂျပန်) က အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဆွေက VOA ကို ပြောပါတယ်။

"တိုကျိုမြို့ပေါ်မှာ ကူးစက်တဲ့နှုန်းက အရမ်းများလာတဲ့အခါကျတော့ ဒီမှာရှိနေတဲ့ မြန်မာရယ်၊ နိုင်ငံခြားသားရယ်လို့တော့ မဟုတ်ပါဘူး။ အကုန်လုံးကူးခံရတဲ့ လူဦးရေများတဲ့အထဲမှာ မြန်မာတွေလည်း ပါလာတာပါ။ အရင်တုန်းကဆိုရင်တော့ ဒီလိုဖြစ်တဲ့ထဲမှာ မြန်မာနိုင်ငံသားတွေပါတယ်ဆိုတဲ့အသံ မကြားရပေမဲ့ အခုကျတော့ မြန်မာတွေ အများဆုံးနေထိုင်တဲ့ မြို့ထဲမှာတင် တွေ့တဲ့မြန်မာတွေတော်တော်များလာတယ်။ နောက်တခုက မြန်မာတွေနဲ့ ပတ်သက်တဲ့ ဆက်စပ်နေတဲ့ စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေ၊ အဲဒီမှာလည်း မြန်မာတွေ ဝင်ထွက်သွားလာတာ ရှိနေတော့ မြန်မာတွေကြားထဲမှာ ဖြစ်တယ်ဆိုတဲ့အသံ ကြားရတာပေါ့လေ။ အားလုံးကတော့ ဆေးစစ်လိုက်လို့ ကိုယ့်မှာ Positive ဖြစ်တယ်ဆိုရင်တော့ ဂျပန်နိုင်ငံက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပေါ့လေ... ကိုယ့်ဘာသာ အိမ်မှာပဲ Quarantine နေရတယ်။ လိုအပ်တယ်ဆိုရင် ဆေးရုံက လာခေါ်တယ်ပေါ့လေ။ ဒီလိုမျိုး စနစ်တကျကုသမှုကတော့ ဂျပန်မှာ ရှိနေပါတယ်။"

ရောဂါကူးစက်ခံရသူ ၁၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၀၀၀ ဝန်းကျင်ရှိနေတဲ့ ဂျပန်နိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားမှု တိုးလာတဲ့အပေါ် ထိန်းချုပ်နိုင်ဖို့အတွက် စားသောက်ဆိုင်လုပ်ငန်းတချို့ကိုလည်း အလုပ်ချိန်ကန့်သတ်လိုက်ပြီး လူကြိုက်များတဲ့ ဒေသတွင်း ခရီးစဉ်တွေကိုလည်း ယာယီဖျက်သိမ်းထားပါတယ်။ ဂျပန်ရောက် မြန်မာနိုင်ငံသား အချင်းချင်းကြားမှာတော့ ကပ်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် လူမှုကွန်ရက်တွေကနေတဆင့် သတိပေးတာမျိုးတွေ ဆောင်ရွက်နေတယ်လို့ ဦးသန်းဆွေက ပြောပါတယ်။

"ဒီနေ့ကစပြီးတော့ တိုကျိုဧရိယာမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေပေါ့။ ဆိုင်တွေဘာတွေဆိုရင် အရင်တုန်းကဆိုရင် ၂၄ နာရီပေါ့ အကန့်အသတ်မရှိ ကြိုက်တဲ့အချိန်အထိ ဖွင့်လို့ရပေမဲ့ ဒီနေ့ကစပြီးတော့ ည ၈နာရီအထိပဲ ဆိုင်တွေဖွင့်ရတော့မယ်။ အဲဒီနောက်ပိုင်း ဆိုင်တွေပိတ်ဖို့ကို တိုကျိုအစိုးရကနေပြီးတော့ မေတ္တာရပ်ခံထားတာရှိသလို၊ ကျနော်တို့မြန်မာတွေအားလုံး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာလည်း အကုန်လုံး ဥပဒေတွေက... ဒီစည်းကမ်းတွေက အကျိုးသက်ရောက်မှု ရှိလာတာပေါ့လေ။ ကျနော်တို့မြန်မာတွေကိုယ်တိုင်ကလည်း အားလုံးပူးပေါင်းကူညီပြီးတော့ လူများတဲ့နေရာကို မသွားဘဲ တတ်နိုင်သမျှ ကိုယ့်အိမ်မှာပဲ နေကြတယ်ပေါ့လေ။ ကိုယ့်အချင်းချင်းကြားထဲမာတော့ တနေရာရာမှာ သတင်းအချက်အလက်ကြားတယ်ဆိုရင် မြန်မာတွေစုထားတဲ့ Facebook စာမျက်နှာကနေပြီးတော့ သတင်းတွေပြန်မျှတဲ့အခါကျတော့ အားလုံးထိန်းထိန်းသိမ်းသိမ်းနေကြတာ များပါတယ်။"

ရောဂါကူးစက်ခံရသူ အများစုရှိနေတဲ့ တိုကျိုမြို့မှာတော့ လူစုလူဝေးလျှော့ချနိုင်ဖို့ အပြင်ထွက်သွားလာစားသောက်တာကို ၅ ဦးထက်မပိုစေဖို့ တိုက်တွန်းထားပေမဲ့ နေ့စဉ်သွားလာရေးအတွက် အဓိကအသုံးပြုနေရတဲ့ ရထားပေါ်တွေမှာတော့ စီးနင်းလိုက်ပါသူ အများအပြားရှိနေတာပါ။ ရထားပေါ်မှာ မျက်နှာနဲ့နှာခေါင်စည်း Mask တပ်ဖို့ကို ကြေညာပေးနေပြီး၊ ကပ်ရောဂါကာလဖြစ်ပေမယ့် လုပ်ငန်းတွေကတော့ ပုံမှန်လည်ပတ်နေတယ်လို့ တိုကျိုမြို့မှာနေထိုင်တဲ့ မြန်မာလုပ်သား ကိုသစ်လွင်အောင်က VOA ကိုပြောပါတယ်။

"အလုပ်အကိုင်ကတော့ ကျနော်တို့ ၈ လပိုင်းတုန်းက အရမ်းပြန်ချင်နေတဲ့အချိန် အဆင်မပြေတဲ့ အချိန်ထက်စာရင်တော့ တော်တော်လေးတိုးတက်မှု ရှိပါတယ်။ အလုပ်ရှာရတာလည်း မြန်ဆန်တယ်၊ အလုပ်တွေကလည်း ပုံမှန်အတိုင်းပဲ။ ဒါပေမဲ့ တခုတော့ရှိတာပေါ့၊ အရင်က လူ ၁၀ ယောက်လုပ်တဲ့ဆိုင်က အခုချိန်မှာဆိုရင် ၆ ယောက်- ၇ ယောက် လောက်ပဲရှိတယ်။ ၇ လပိုင်း၊ ၈ လပိုင်းတုန်းကတော့ အရမ်းဒုက္ခရောက်တာပေါ့။ စက်ရုံတွေကိုတရုံလုံး ပိတ်ထားလိုက်တာကို။ အခုနောက်ပိုင်းကျတော့ စက်ရုံတွေက အရင်လောက်ကြီးမလည်ဘူးဆိုရင်တောင်မှ မြန်မာပြည်ထက်စာရင် အရမ်းကြီး မကြပ်ထားဘူး၊ မြန်မာပြည်မှာကျတော့ ပိတ်ဆိုပိတ်ပဲ။ ဒီမှာက သင့်တင့်မျှတစွာ ဖွင့်ထားပေးတာဆိုတော့ အရင်ပထမလှိုင်းထက်စာရင် အလုပ်အကိုင်က အဆင်ပြေတယ်ပြောရမှာပေါ့။"

ပြီးခဲ့တဲ့ ဧပြီလလယ်လောက်မှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ အစိုးရက အရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့တဲ့နောက် ဂျပန်နိုင်ငံတွင်းကစီးပွားရေး လုပ်ငန်းတချို့ အရောင်းအဝယ်ကျသွားသလို၊ ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေထိရောက်သွားခဲ့တဲ့ လုပ်ငန်းတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေမှာ အချိန်ပိုင်းဝင်ရောက် လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအများစုဟာလည်း အလုပ်လက်မဲ့ဖြစ်ကုန်တဲ့အထိ ဖြစ်သွားပြီး၊ မြန်မာပြည်ပြန်လာသူ တချို့လည်းရှိခဲ့ပါတယ်။ ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအရဆို ကိုဗစ်ကာလအတွင်း ဂျပန်နိုင်ငံတွင်းမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဦးရေဟာ ၃၀,၀၀၀ နီးပါးရှိပေမဲ့ နေရပ်ပြန်သွားသူကတော့ လေးပုံပုံ သုံးပုံလောက်ရှိပါတယ်။

VOA News