ဧရာဝတီတစ်တိုင်းလုံးမှာ ရွေးကောက်ပွဲရှုံးနိမ့်တဲ့ ရလဒ်ကို လက်ခံတယ်လို့ ကြံ့ခိုင်ရေးပါတီပြော

25-Nov-2020

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဧရာဝတီတိုင်းထဲက မဲဆန္ဒနယ်အကုန်လုံးမှာ ရွေးကောက်ပွဲ ရှုံးခဲ့ပေမယ့် အဲ့ဒီအရှုံးရလဒ်ကို လက်ခံသွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးခန်းမှာ ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပါတီတာဝန်ရှိသူက ပြောကြားပါတယ်။

ပါတီအနေနဲ့ အရှုံးရလဒ်ကို လက်ခံပေမယ့် ကိုယ်စားလှယ်လောင်းတွေမှာရှိတဲ့ အခွင့်အရေးအရ ဥပဒေအတိုင်း ကန့်ကွက်လွှာတွေကို တင်သွင်းဖို့အတွက် ပြင်ဆင်တာတွေပြုလုပ်နေတယ် လို့ ပါတီဗဟိုကော်မတီဝင် မြောင်းမြမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးဝင်းကိုကိုက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးနိုင်တဲ့ မဲဆန္ဒရှင် ၄၆ သိန်းကျော်ရှိတဲ့အနက် လူဦးရေ ၃၆ သိန်းကျော်မဲလာပေးခဲ့ပြီး မဲဆန္ဒနယ် ၉၂ နေရာလုံးကို NLD ပါတီက အနိုင် ရရှိခဲ့တာဖြစ်တယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်မှတ်တမ်းတွေအရ သိရပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ - Min Htet Mone / MPA