ဗြိတိန်ထုတ် COVID ကာကွယ်ဆေး အိန္ဒိယဆီက ဘင်္ဂလားဒေ့ရှ် ဝယ်ယူမည်

06-Nov-2020

ဗြိတိန် AstraZeneca ဆေးကုမ္ပဏီက စမ်းသပ် ထုတ်လုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်း ၃၀ ကို အိန္ဒိယ Serum Institute ကနေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပါတယ်။

တကမ္ဘာလုံး COVID-19 ကာကွယ်ဆေး စမ်းသပ်မှုတွေလုပ်နေတာမှာ အလားအလာကောင်းပြီး ရှေ့ဆုံးကို ရောက်နေတဲ့ ဆေးတွေ အထဲAstraZeneca က စမ်းသပ်နေတဲ့ ဆေးလည်း ပါဝင်နေတာပါ။

ကာကွယ်ဆေးရတာနဲ့ Serum Institute ကနေ ပထမအသုတ် ဆေး သန်း ၃၀ ကို ရရှိမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေး ဝန်ကြီး Zahid Maleque က သဘောတူညီချက်ကို လက်မှတ်ရေး ထိုးအပြီးမှာပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် Beximco ဆေးကုမ္ပဏီ ကတဆင့် တလကို ကာကွယ်ဆေး ၅ သန်းနှုန်းနဲ့ ဝယ်ယူသွား မှာဖြစ်ကြောင်း၊ကာကွယ်ဆေး ကို ၂၈ ရက် (၄ ပတ်) ခြား နှစ်ကြိမ်ထိုးနှံရမှာဖြစ်လို့ လူ ၁၅ သန်းကို ထိုးပေးနိုင်လိမ့်မှာ ဖြစ်ကြောင်းနဲ့ ဈေးနှုန်းကလည်း အိန္ဒိယက ရောင်းဈေးနဲ့ အတူတူပဲလို့ ဝန်ကြီး Maleque က ပြောပါတယ်။

သတင်းရင်းမြစ်တွေကတော့ ကာကွယ်ထိုးဆေးတကြိမ်ကို အမေရိကန် ဒေါ်လာ ၄ ဒေါ်လာကနေ ၅ ဒေါ်လာလောက်ကျသင့်နိုင်တယ် လို့ ပြောပါတယ်။

ကာကွယ်ဆေးဝယ်ယူဖို့ ရန်ပုံငွေအလုံအလောက်ရရှိဖို့အရေး ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြော ဆိုထားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကပြောပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ် Sinovac Biotech ဆေးကုမ္ပဏီ ဆီကနေ ကာကွယ်ဆေးရဖို့ကိစ္စမှာတော့ စမ်းသပ်မှုဆိုင်ရာ ငွေကြေး အထောက်အပံ့ထည့်ဝင်ဖို့ ဘင်္ဂလားဒေ့ရှ်က ငြင်းဆန်ခဲ့တဲ့နောက် မရေရာဖြစ်သွားခဲ့ ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ COVID-19ရောဂါကူးစက်သူ ၄၁၆,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆၀၀၀ ကျော်ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ အိန္ဒိယ Serum Institute ဟာ ကိန်းဂဏန်း အရေအတွက်အရ ကမ္ဘာမှာ ကာကွယ်ဆေး အများဆုံး ထုတ်လုပ်နေတဲ့ ဆေးကုမ္ပဏီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ အထောက်အပံ့ပေး နိုင်ဖို့ COVID-19 ကာကွယ်ဆေး တစ်ဘီလီယံကျော်ထုတ်လုပ်သွားဖို့ Serum Institute က ဗြိတိန် AstraZeneca ဆေးကုမ္ပဏီ၊ Gates ဖောင်ဒေးရှင်း၊ Gavi ကာကွယ်ဆေး မဟာမိတ်အဖွဲတို့နဲ့ အတူ လက်တွဲဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

Crd VOA News