ဗဟို အစိုးရဖွဲ့နိုင်တဲ့အထိ NLD နိုင်ဖို့အလားအလာရှိနေတာ ဘာကြောင့်လဲ

10-Nov-2020

၂၀၂၀ ရွေးကောက်ပွဲမှာ NLD အနေနဲ့ သမ္မတ ရွေးနိုင်၊ ပြည်ထောင်စုအဆင့် အစိုးရဖွဲ့နိုင်တဲ့အထိ မဲအရေအတွက် အပြတ်အသတ်ရဖို့ရှိနေကြောင်း ရွေးကောက်ပွဲစောင့်ကြည့်နေတဲ့ မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။ နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲ နောက်ဆုံး မဲ ရလာဒ် အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ၊၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် နောက်ဆုံးရလဒ်အခြေအနေတွေ ဘယ်လိုရှိနေပါသလဲ။

စည်သူအောင်မြင့်။ ။ အခုနောက်ဆုံးရလဒ်ပေါ့နော် ။ အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင်ထုတ်ပြန်ချက်တွေတော့ စပြီးလုပ်နေပါပြီ ။ ဒါပေမယ့် သူ့ဆီက တရားဝင်ထုတ်ပြန်ချက်တွေ က နည်းနည်း နှေးတယ်ပေါ့နော်။ အတည်ပြုချက်တွေ တဆင့်ပြီးတဆင့် သူလုပ်တယ်။ လက်မှတ်ထိုးတာတွေလည်း တဆင့်ပြီးတဆင့် သူစောင့် နေရတဲ့ခါကျတော့ နည်းနည်း နှေးတယ်ပေါ့။ ဒါပေမယ့်လည်း တဘက်က ပါဝင်ယှဉ်ပြိုင်တဲ့ပါတီတွေပေါ့နော်။ သူတို့က သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေကဆီကရတဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရဆိုရင်တော့ တော်တော်များများပေါ့နော် ၉၀ ရာနှုန်းလောက်ကတော့ သိနေနိုင်ပါပြီ ။ UEC က အတည်မပြုသေးပေမယ့်လည်း ဒီဥစ္စာက အတည်ဖြစ်တယ်လို့ပြောလို့ရနိုင်ပါတယ်။

အဲဒီမှာ နောက်ဆုံးအနေနဲ့ ဘာတွေ ့ရသလဲဆိုတော့ ပြည်ထောင်စုအဆင့်ပေါ့နော် ။ ဒါကအရေးကြီးပါတယ်။ ပြည်ထောင်စုအဆင့်လို့ဘာလို့ပြောရသလဲဆိုတော့ ပြည်ထောင်စုအဆင့်ကိုရောက်သွားမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲရောက်သွားတဲ့အခါကျလို့ရှိရင် သူတို့က နိုင်ငံတော် သမ္မတသစ် တယောက်ကိုရွေးမယ်၊ အစိုးရသစ်ဖွဲ့မယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ ပြည်ထောင်စုအဆင့်ကို ပြောတာပါ။ အဲဒီတော့ ပြည်ထောင်စုအဆင့်မှာဆိုရင်တော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သမ္မတရွေးနိုင် အစိုးရဖွဲ့နိုင်တဲ့ အမတ်အရေအတွက်ကို ရရှိသွားပြီဆိုတာ သိရပါတယ်။

မေး။။ ဟုတ်ကဲ့ ။ ဆိုတော့ NLD က အဲလောက်အနိုင်ရသွားပြီလို့သိရပြီးတဲ့အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကရော သူတို့ရဲ့ မဲရေတွက်မှု ရလဒ်တွေနဲ့ပက်သက် ပြီး ဘယ်လို တုံ့ပြန်သလဲ ။

စည်သူအောင်မြင့်။ ။ ဒီဥစ္စာကတော့ တနေရာချင်းစီပေါ့နော် ။ တနေရာချင်းစီမှာ ဝင်ပြိုင်တဲ့အခါမှာ သက်ဆိုင်ရာကိုယ်စားလှယ်တွေဆီက သူတို့ပုံစံ (၁၉) နဲ လက်မှတ်ထိုး အတည်ပြုတာတွေ ရှိပါတယ်။ လက်မှတ်ထိုးခြင်း၊ မထိုးခြင်းတွေကတော့ သူတို့သက်ဆိုင်ရာ နယ်တွေမှာ ရှိမှာပဲ ။ ဒါပေမယ့်လည်း ပြည်ခိုင်ဖြိုး ပါတီ အနေနဲ့ကျနော်တို့ရထားတဲ့ သတင်းအချက်အလက်တွေ အရဆိုရင် သူတို့ဟာ ၂၀၁၅ တုန်းကဆိုရင် ပြည်ထောင်စု အဆင့်အတွက်ဆို ၄၁ နေရာ နိုင်ခဲ့တယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြတော့ အဲဒီ ၄၁ နေရာ နိုင်ထားခဲ့တဲ့ နေရာတွေမှာ ဆုံးရှုံးတာတွေ ့ရတယ် ။ အဲဒီနေရာတွေကို NLD ပါတီက နိုင်သွားခဲ့တာတွေလည်း တွေ ့ရပါတယ်။ ဆိုတဲ့ခါကျတော့ သူ့ရဲ့ ရလဒ်ဟာ ၂၀၁၅ တုန်းက ရ တဲ့ ရလဒ်ထက်ကို နည်းနေတယ်ဆိုတာ ကျနော်တို့တွေ ့ရပါတယ်။

မေး။။ ဒါပေမယ့်တဘက်မှာကြတော့ NLD အနေနဲ့တိုင်းရင်းသား နယ်မြေတွေမှာ ယှဉ်ပြိုင်တဲ့ အနေအထားကရော ဘယ်လိုရှိပါသလဲရှင့် ။

စည်သူအောင်မြင့်။ ။ တိုင်းရင်းသားပါတီတွေမှာ တချို့သောပါတီတွေဟာ ၂၀၁၅ တုန်းကထက်ကို ပိုပြီးအားကောင်းလာတယ်ဆိုတာ အမှန်ပါပဲ ။ အဲဒါတွေက ကျနော်တို့က ဘယ်မှာ တွေ ့ရသလဲဆိုတော့ ကျနော်တို့ကယားပြည်နယ် မှာတွေ့ရတယ်။ ၂၀၁၅ တုန်းက ဒီ ကယားပါတီတွေပေါ့နော် သူတို့တွေက အမတ်နေရာတွေ မရခဲ့ကြပါဘူး ။ ဒါပေမယ့် အခုတကြိမ်ကျတော့ ပြည်နယ်အဆင့်မှာရော ပြည်ထောင်စု အဆင့်မှာပါ သူတို့အမတ်နေရာတွေ ရလာကြတယ် ။ ဒီရွေးကောက်ပွဲမှာဆိုရင် ပိုပြီးတော့ပေါ့ ၂၀၁၅ ထက် ပိုရလာတဲ့သဘောပေါ့ ။

အင်း နောက်တခုက ရှမ်းပြည်နယ်မှာ။ ရှမ်းပြည်နယ်မှာ NLD ရဲ့ရလာဒ်ဟာ နည်းတာတွေ့ရတယ်။ တဘက်မှာပြည်ကြည့်တော့ SNLD လို ပါတီမျိုးက ၂၀၁၅ ထက်ပိုလာတာလည်း တွေ ့ရတယ် ။ ပြီးတော့မှ နောက် ရခိုင်ပြည်နယ်ပေါ့ ။ ရခိုင်ပြည်နယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ANP ပါတီပေါ့နော် ။ ရခိုင်အမျိုးသားပါတီအားကောင်းခဲ့တဲ့ အမတ်နေရာတွေအများကြီးရခဲ့တဲ့ ရခိုင်မြောက်ပိုင်း ၉ မြို့နယ်မှာ မကျင်းပနိုင်ခဲ့ဘူး ။ တောင်ပိုင်းမှာပဲ ကျဉ်းပပါတယ်။ အဲဒီတော့ တောင်ပိုင်းမှာလည်း NLD ပါတီက ၂၀၁၅ တုန်းက နေရာအများစု အနိင်ရခဲ့တာ၊ မြောက်ပိုင်းမှာတော့ သူရှုံးတာပေါ့နော်။ အခုနောက်ဆုံးရလဒ်တွေကို ကျနော့် နားလည်ချက်အရဆိုရင် တောင်ပိုင်းမှာ NLD ပါတီဟာ နေရာ နည်းနည်းလေးပဲရတယ် ။ ရခိုင်အမျိုးသားပါတီက နေရာတော်တော်များများရတာတွေ ့ရတယ်။ ၂၀၁၅ နဲ့နှိုင်းယှဉ်လိုက်ရင် အဲဒီနေရာတွေမှာ NLD က ပိုပြီး ဆုံးရှုံုးသွားတယ်။ တိုင်းရင်းသားပါတီတွေရတဲ့ နေရာတွေ ပိုများလာတယ်ဆိုတာတွေ ့ရတယ်။ ဒါပေမယ့်လည်း ကရင်၊ ကချင် နဲ့ ချင်းပြည်နယ်တွေမှာ ကျတော့ NLD အနေနဲ့၂၀၁၅ ထက်ကို ပိုပြီးတော့ ဆုံးရှုံးတာမျိုးမတွေ့ရဘူး ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ တစုံလုံးကို ခြုံပြီးပြောရရင် ။ ပြည်ထောင်စုအဆင့်ပေါ့နော် NLD ဟာ ၂၀၁၅ တုန်းက ရတာထက် နေရာတချို့ပိုပြီးတော့ ရလာတာ တွေ့ရတယ်။

Crd VOA News