ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်

21-Jan-2021

ကျော်လွင်ဦး

ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ဒုက္ခသည်တွေ ကိုဗစ်အလွန်ကာလ နေရပ်ပြန်လည်ပို့ဆောင်ရေးမှာ ဟိန္ဒူဘာသာ ဝင် ၄၀၀ ကျော်အပါအဝင် မြန်မာနိုင်ငံက စိစစ်ပြီးသားသူတွေကို အရင်ဆုံးပြန်ပို့ဖို့ ဇန်နဝါရီ ၁၉ ရက်နေ့က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် သုံးနိုင်ငံ ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က တောင်းဆိုခဲ့ပါတယ်။ ဘင်္ဂလား ဒေ့ရှ်ရောက် ဟိန္ဒူဘာသာဝင်က အမြန်ဆုံး နေရပ်ပြန်နိုင်ဖို့ ဟိန္ဒူအဖွဲ့အစည်းတွေနဲ့ ဟိန္ဒူခေါင်းဆောင်တွေက မျှော်လင့်နေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် စတင်ရင်ဆိုင်နေရချိန်ကစပြီး ရပ်တန့်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စ ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က အွန်လိုင်းကနေ ပြန်လည်ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေအပါအဝင် မြန်မာဘက်က စိစစ်ပြီးသားသူတွေကို အရင်ဆုံးပို့ပေးဖို့ မြန်မာအစိုးရက တိုက်တွန်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုက ပြောပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံဘက်က ထွက်ပြေးသွားတဲ့ ဟိန္ဒူ ၄၄၄ ယောက်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်မှာ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရ်ှရောက်နေတဲ့ ဟိန္ဒူတွေဟာ မွေးရပ်မြေကို အမြန်ဆုံးပြန်ချင်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့ပေးဖို့ မျှော်လင့်နေကြတယ်လို့ မောင်တောမြို့နယ်က ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမော် က ပြောပါတယ်။

"ဟိုဘက်ရောက်နေတဲ့ ဟိန္ဒူတွေက ဒီဘက်ကို အမြန်ဆုံးပြန်လာချင်တာပေါ့၊ သူတို့လည်း ဒီဘက်ကို ပြန်လာချင်တယ်၊ ပြန်လာချင်တာကို ဟိုဘက်မှာလည်း တောင်းဆိုထားတယ်၊ မြန်မာအစိုးရကိုလည်း တောင်းဆိုထားတယ်၊ ကျနော်တို့လည်း သူတို့ပြန်လာချင်သလို ကိုယ့်လူမျိုးကို ကိုယ့်နေရပ်ကို ပြန်ရောက်စေချင်တယ်"

ပြန်မလာချင်တဲ့သူတွေ မပြန်ခွင့်ရှိသလို ပြန်လာချင်တဲ့သူတွေကို အမြန်ဆုံးပြန်ခွင့်ပြုဖို့ ရန်ကုန်မြို့အခြေစိုက် ရခိုင်၊ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ ဦးဆောင်တာဝန်ခံ ဦးရာဂူးနေမြင့် က တိုက်တွန်းပါတယ်။

"မပြန်ချင်သေးတဲ့သူကလည်း သူတို့အခွင့်အရေးအရ မပြန်ခွင့်ရှိတယ်၊ ပြန်လာချင်တဲ့သူကလည်း စေ့စပ် ညှိနှိုင်းပြီးတော့ ပြန်လာသင့်တယ် အဲလိုပြန်လာခွင့်ရှိတယ်၊ ကျနော်တို့အဲမှာရှိနေတဲ့ ဟိန္ဒူလေးရာကျော်က ပြန်လာချင်နေတာ တော်တော်ကြာပြီ၊ ကိုယ်နိုင်ငံကို ပြန်လာချင်နေတာ တော်တော်ကြာပြီ၊ သူတို့က ဘာတောင်းဆိုမှုမှလည်းမရှိဘူး၊ ပြန်လာလို့ရတဲ့သူတွေ ပြန်လာချင်တဲ့သူတွေကိုတော့ ပြန်ခွင့်ပေးစေ ချင်တယ်၊ ကျနော်က ဒါပဲပြောချင်တယ်၊ ကျနော်တို့ ဒါပဲတောက်လျောက်တောင်းဆိုနေတာ"

ဘင်္ဂလားဒေ့ရ်ှမှာရောက်နေတဲ့ ဟိန္ဒူတွေဟာ လူနည်းစုဖြစ်တာ၊ အကြမ်းဖက်သမားတွေ အန္တရာယ် ကြောက်ရွံ့ နေရတာကြောင့် လုံခြုံမှုမရှိဘူးလို့ ခံစားနေရပြီး စားဝတ်နေရေး အခက်အခဲတွေလည်း ကြုံနေရတာကြောင် သူတို့ပြန်လာလို့ရအောင် နှစ်ဖက်အစိုးရအနေနဲ့ အမြန်ဆုံးလုပ်ပေးဖို့ ဦးရာဂူးနေမြင့်က တောင်းဆိုလိုက် ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၄ ရက်နေ့က တွေ့ဆုံရာမှာ အဲဒီဟိန္ဒူဘာသာဝင်တွေကို အမြန်ဆုံးပြန်လည်ပို့ဆောင်ရေးအတွက် ဘင်္ဂလားဒေ့ရ်ှအစိုးရကို တိုက်တွန်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ပဋိပက္ခတွေ ဖြစ်ပြီးချိန်ကတည်းက ဘင်္ဂလားဒေ့ရ်ှကိုရောက်နေတဲ့ ဟိန္ဒူတွေ နေရပ်ပြန်ခွင့် ရရေး ဟိန္ဒူဘာသာရေးအဖွဲ့တွေ တောက်လျောက်တောင်းဆိုနေပြီး မြန်မာအစိုးရဘက်ကလည်း ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကတော့ ဟိန္ဒူတွေကို ပြန်ပို့ပေးတာ မရှိသေးပါဘူး။

သူတို့ကို ပြန်လည်ပို့ဆောင်ရေးမှာ ဘင်္ဂလားဒေ့ရ်ှအစိုးရဘက်က နှောင့်နှေးနေတယ်လို့ မြန်မာအစိုးရနဲ့ ဟိန္ဒူအဖွဲ့အစည်းတွေက စွပ်စွဲနေတာတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရ်ှသံရုံးကို အီးမေးလ်ပို့ပြီး မေးခွန်းပေးပို့ မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့သုံးနှစ်ကျော်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ရိုဟင်ဂျာ ရှစ်သိန်းကျော်နဲ့ ဟိန္ဒူ ဘာသာဝင်တွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့တွေ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးပွဲ ရပ်တန့်နေချိန်မှာ တရုတ်နိုင်ငံရဲ့ အစီအစဉ်နဲ့ သုံးနိုင်ငံ ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ရခိုင်ပြည်နယ်က နေရပ်စွန်ခွာသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ် တိုးတက်မှုကို ပြန်လည်သုံးသပ်ကြတဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ ဆွေးနွေးပွဲဟာ အရေးကြီးကြောင်းနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝန်ယီခရီးစဉ်မှာ သဘောတူတဲ့အချက်တွေထဲက အရေးပါတဲ့ နောက်ဆက်တွဲ အကောင်အထည်ဖော်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အမြန်ဆုံးထပ်ပြီးကျင်းပနိုင်ရေးနဲ့ နေရပ်စွန့်ခွာသူတွေ ပထမသုတ် ပြန်လည် လက်ခံရေးကို အမြန်ဆုံးစဖို့ သဘောတူခဲ့တယ်လို့လည်း တရုတ်သံရုံးက ပြောထားပါတယ်။

မြန်မာအစိုးရဘက်က ဆွေးနွေးခဲ့တဲ့အထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အောင်မြင်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကို အမြန်အကောင် အထည်ဖော်ဖို့ကိစ္စလည်း ပါဝင်ပါတယ်။ ဒုက္ခသည် ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်က အသင့်ပြင်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း ဒုက္ခသည်ပြန်လည်ပို့ရေးကို နှစ်နိုင်ငံကြား သဘောတူညီချက်တွေ လိုက်နာ ဖို့ လိုတယ်လို့လည်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌ ဆန်တီယေ့ဂိုက ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာဆီယံအနေနဲ့ ဖြေရှင်းဖို့ မလုပ်ရင် ကောင်းကျိုးထက် ဆိုးကျိုပဲ ပိုများနိုင်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာအရေးကိစ္စကို အာဆီယံအနေနဲ့ တိုးမြင့်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေးကြိုးစားရာမှာ လုံခြုံရေးအခြေအနေကို ထည့်သွင်းစဉ်းစားခြင်း မရှိတာကိုလည်း ဝေဖန်ပြောဆိုထားပါတယ်။ အထူးသဖြင့် ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက် ဘက်ပေါင်းစုံလိုအပ်ချက် အကဲဖြတ်မှုတွေလုပ်ဖို့နဲ့ ပိုမိုထိရောက်တဲ့ ချဉ်းကပ်မှုများလုပ်ဖို့လည်း ဆန်တီယေ့ဂိုက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို တိုက်တွန်းထားပါတယ်။

၂၀၁၈ ခုနှစ်ဆန်းကနေ အောက်တိုဘာလအထိ မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းကို ကိုယ့်အစီအစဉ်နဲ့ကိုယ် အမျိုးသား ၁၇၀ နီးပါး၊ အမျိုးသမီး ၂၉၀ ဦး ပြန်ဝင်လာတယ်လို့ အစိုးရက ထုတ်ဖော် ပြောထားပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအစိုးရ အစီအစဉ်နဲ့ တရားဝင် ပြန်ဝင်ရောက် လာတာတော့ မရှိသေးသလို အဲဒီလိုပြန်လာသူတွေထဲမှာ ဟိန္ဒူဘာသာဝင်တွေ မပါခဲ့ပါဘူး။

RFA Burmese