လက်တွေ့လုပ်ဆောင်ဖို့ NLD ကို တိုင်းရင်းသား ခေါင်းဆောင်တွေ တိုက်တွန်း

26-Nov-2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် အစိုးရသက်တမ်းအတွင်း တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ဦးစားပေးဆောင်ရွက်မှာဖြစ်ပြီး တိုင်းရင်သားတွေရဲ့ပူးပေါင်းပါဝင်မှုကို မျှော်လင့်ကြောင်း မကြာခင်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခုလို NLD ရဲ့ ဖိတ်ခေါ်မှုကို တိုင်းရင်းသားပါတီတွေက ကြိုဆိုခဲ့ပေမယ့် ဒီကိစ္စကို လက်တွေ့ အကောင်အထည်ဖော်ဖို့လိုတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရခဲ့တဲ့ NLD က အခုလို ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းစာပေးပို့ခဲ့တာဟာ တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို စတင်ဆောင်ရွက်လိုတဲ့ သဘောပဲလို့  ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက ရှုမြင်ပါတယ်။

“ဒါကို လက်တွေ့လုပ်ဆောင်ဖို့တော့ လိုတာပေါ့။ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသား EAO ရော တိုင်းရင်းသားဆို အကုန်ပါတယ်။ ဒါတွေနဲ့ သူတို့ ရင်ကြားစေ့ရေးကို အမြန်လုပ်ဖို့ လိုတယ်။ အဲလို ရင်ကြားစေ့ရေး ပြေလည်ပြီဆိုရင် ငြိမ်းချမ်းရေးအတွက် အများကြီး ခရီးရောက်နိုင်တယ်။ သူတို့ တံခါးခေါက်လာတဲ့ဟာကို ကျနော်တို့က ကြိုဆိုပြီး တံခါးဖွင့်ပေးရတော့မှာပေါ့။ အဲလိုဆိုရင် လာမဲ့ ၅ နှစ်တာကာလအတွင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အများကြီးခရီးရောက်သွားနိုင်မယ်လို့ ယူဆတယ်။”

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကတော့ အမျိုးသားညီညွတ်ရေးအစိုးရဖွဲမယ်လို့ အစိုးရပြောခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့တာကို ကြိုဆိုရင်း NLD အနေနဲ့ အရင်ကလို တိုင်းရင်းသားခေါင်းဆောင်တွေကို တယောက်ချင်း ချဉ်းကပ်ဆွေးနွေးတာမျိုးထက် ပါတီ အချင်းချင်းအဖွဲ့လိုက် စုပေါင်းဆွေးနွေးတာမျိုးကို သူတို့လိုလားတယ်လို့ RFA ကိုပြောပါတယ်။

“NLD အနေနဲ့က ၂ဝ၁၅ နဲ့ ၂ဝ၂ဝ  ကြားထဲက အနေအထားမျိုး မဟုတ်တော့ဘဲနဲ့ နောင်လာမယ့် အစိုးရအခင်းအကျင်းမှာ တိုင်းရင်းသားအကုန်လုံးကို စုပေါင်းပါဝင်တဲ့ အနေအထားမျိုး ရောက်အောင် ကြိုးပမ်းလိမ့်မယ်လို့ သူတို့ရဲ့စကားအရ သိရတာပေါ့။ ခန့်မှန်းရတာပေါ့။ တခုတော့ရှိတယ်ဗျ။ ၁၉၄၇ ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေအရရော ၊ ၁၉၇၄  နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအထိ စုပေါင်းပြီးတော့ စီမံခန့်ခွဲတဲ့စနစ်မျိုး ပုံမဖော်နိုင်ခဲ့ဘူး။ မတူကွဲပြားခြင်းကို လက်သင့်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး အဖြစ်လည်း  မပေါ်ပေါက်ခဲ့သေးဘူး။ အဲလိုအနေအထားမျိုး မပေါ်ပေါက်သေးသရွေ့ကတော့ ကျနော်တို့ရဲ့ အမျိုးသားရင်ကြားစေ့ရေးက အောင်မြင်နိုင်မယ်လို့ ကျနော်တော့ မယုံကြည်ဘူး။ အဲဒါကြောင့်မို့ စုပေါင်းခေါင်းဆောင်ခြင်း နဲ့ စုံလင်ကွဲဲပြားမှုကို ကိုယ်စားပြုနိုင်မယ့် အာမခံချက်ပေးနိုင်မယ့် အခင်းအကျင်းမျိုး ပေါ်ပေါက်ဖို့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ကိစ္စက အရေးကြီးဆုံးပါ။ ဒါပေမယ့် အဲဒီဖွဲ့စည်းပုံပြင်ဆင်ရေးမသွားခင်မှာ တောင်တန်းနဲ့ပြည်မ အပြန်အလှန်ယုံကြည်မှုကို အရင်ဆုံးတည်ဆောက်ရလိမ့်မယ်။ အဲဒီကတဆင့် ကျနော်တို့သွားချင်တဲ့ ဖက်ဒရယ်ကို လှမ်းမယ်ဆိုရင် ပိုပြီးခရီးနီးလိမ့်မယ်လို့ ယုံကြည်ယူဆပါတယ်”

မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး နိုင်လယိတမ ကလည်း NLD က ပေးပို့တဲ့စာဟာ ထူးခြားပါတယ်။ ဒါပေမယ့် လက်တွေ့ဆောင်ရွက်ဖို့လိုတယ်။ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရဲ့ အဓိက အဟန့်အတားက ဖွဲ့စည်းပုံပြင်ဆင်ရေးပဲလို့ ဝေဖန်ပါတယ်။

“အစိုးရသစ်အနေနဲ့  အဓိကအားဖြင့် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးလိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး နဲ့ အခြေခံဥပဒေပြင်ရေးကိစ္စကို လုပ်စေချင်တာပေါ့။ ဒါကိုလုပ်ဆောင်နိုင်မှ ကျနော်တို့နိုင်ငံက စနစ်အပြောင်းအလဲကို သွားနိုင်မှာဖြစ်တဲ့အတွက် ဘယ်အစိုးရပဲတက်တက် ဒီ ၂ ချက်ကို လုပ်စေချင်ပါတယ်။ ဒါက အဓိက အရေးကြီးဆုံးပါပဲ”

တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ သဘောထားတွေပါ။ အမျိုးသားညီညွတ်ရေးအတွက် NLD အစိုးရသစ်အနေနဲ့ ဘယ်လိုစတင်ဆောင်ရွက်မှာလဲဆိုတာတော့ မသိရသေးပါဘူး။

RFA