အမေရိကန်မှာ COIVD-19 ရှေ့တန်းကတိုက်နေသူတွေ ကာကွယ်ဆေး အရင်ဆုံး စတင်ထိုးပေး

15-Dec-2020

အမေရိကန် ပြည်ထောင်စုမှာ တနလာၤနေ့က ကျန်းမာရေး ဝန်ထမ်းတွေကို COVID 19 ကာကွယ်ဆေး စပြီး ထိုးပေးနေပါပြီ။ Pfizer BioNTech ရဲ့ COVID 19 ကာကွယ်ဆေးကို တနိုင်ငံလုံး ဖြန့်ချိပေးနေတာနဲ့ အတူဘဲ လူထုကြား ကာကွယ်ဆေးရဲ့ ဘေးကင်းထိရောက်မှု အပေါ် ယုံကြည်လာဖို့လည်း ဆောင်ရွက်နေကြပါတယ်။

"ဒီနေ့ကိုရောက်ဖို့ စောင့်လိုက်ရတာရှင်။ ကျမ သိပ်ပြီး ပျော်ပါတယ်။ ကာကွယ်ဆေး ထိုးခွင့်ရတဲ့ အတွက် သိပ်ပြီး ကျေးဇူးတင်ပါတယ်။ လာမယ့် လတွေ အတွင်းမှာ ကမ္ဘာ တလွှားက လူတွေလည်း ဒီထက်ပိုပြီး ကာကွယ်ဆေး ထိုးခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။"

ပထမဆုံး ကာကွယ်ဆေးထိုးခဲ့သူ အရေးပေါ်လူနာတွေကို စောင့်ရှောက်ပေးရတဲ့ သူနာပြုဆရာမ Sandra Lindsay ပါ။နယူးယောက်ပြည်နယ် Long Island Jewish Medical စင်တာမှာ တာဝန်ထမ်းပါတယ်။

Pfizer နဲ့ BioNTech တို့ရဲ့ COVID 19 ကာကွယ်ဆေး ထိုးနှံမှုကို အမေရိကန်မှာ တနလာၤနေ့မှာ စတင်တာပါ။ အခု ပထမဆုံး ကာကွယ်ဆေး ထိုးပြီးသူတွေ အနေနဲ့ နောက် ၂၁ ရက်အကြာမှာ ဒုတိယ ကာကွယ်ဆေး တလုံး ထပ်ထိုးရမှာပါ။ သူနာပြုဆရာမ Lindsay ကတော့ ကာကွယ်ဆေးကို စိတ်ချလက်ချ ရှိစေဖို့ တိုက်တွန်းသွားပါတယ်။

" နေလို့ ကောင်းပါတယ်။ နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေးထိုးရသလိုပါဘဲ။ ကျန်းမာရေး ဝန်ထမ်း ဖြစ်ရတာကိုလည်း ဂုဏ်ယူသလို ကာကွယ်ဆေးက ဘေးကင်းတယ်ဆိုတာကို လူတွေ ပိုပြီး ယုံကြည်လာအောင် အခုလို လက်တွေ့ပြသရတဲ့ အတွက်လည် သိပ်ကို ဂုဏ်ယူပါတယ်။ အားလုံးလည်း ကာကွယ်ဆေး ထိုးကြဖို့ တိုက်တွန်းပါတယ်။”

Northwell Health ရဲ့ ဝန်ထမ်းကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Michelle Chester က အမေရိကန်မှာ COVID 19 ကာကွယ်ဆေးကို ပထမဆုံး ထိုးနှံပေးခဲ့သူပါ။

"ဆရာဝန် တဦး အနေနဲ့ ကာကွယ်ဆေးထိုးပေးတဲ့ အခါမှာ လူနာကိုဘဲ အာရုံစိုက်ရပါတယ်။ ဒါကြောင့် ကျမက ကာကွယ်ဆေး ထိုးတာကို အာရုံစိုက်ပါတယ်။ ကျမတို့က ပထမဆုံး ဆိုပြီး အားလုံးက ပြောကြပေမယ့် ကျမ အတွက်တော့ သိပ်ပြီး ထူးထူးထွေထွေ မရှိလှပါဘူး။ ဒါပေမယ့် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။"

နယူးယောက် Lenox Hill ဆေးရုံက အရေးပေါ် ဌာန အကြီးအကဲ ဒေါက်တာ Yves Michel Duroseau က ဒုတိယမြောက် COVID 19 ဆေး ထိုးနှံခဲ့သူ ဖြစ်ပါတယ်။

"ဒီနေ့က သိပ်ပြီး အရေးကြီးပါတယ်။ မျှော်လင့်ချက်တွေ ရှိလာတဲ့ နေ့ပါ။ ကာကွယ်ဆေး ထိုးရတော့မယ်ဆိုရင် လက်တွေ့ တွေ့ရှိချက်တွေ အပေါ်မှာ စိတ်ချ လက်ချ ယုံကြည်မှု အပြည့်နဲ့ ထိုးနိုင်ဖု့ိ အရေးကြီးပါတယ်။"

အမေရိကန်မှာ ပထမဆုံး ကာကွယ်ဆေးထိုးနိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူကြောင်း သမ္မတ Donald Trump ကလည်း တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုတဝန်းက ကျန်းမာရေး ဝန်ထမ်း တချို့ကို တနလာၤနေ့မှာ Pfizer နဲ့ BioNTech ရဲ့ COVID 19 ကာကွယ်ဆေး ထိုးနှံမှု စတင်လိုက်ပြီးနောက် အများပြည်သူကြား ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှု အပေါ် စိတ်ချ လက်ချရှိလာအောင် ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာန ဝန်ကြီး Alex Azar က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"တခြား အမေရိကန်တွေ နည်းတူပါဘဲ ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေး ထိုးခွင့်ရမယ့် နေ့ကို ကျနော် စောင့်နေပါတယ်။ ကျနော့် မိသားစု ထိုးခွင့်ရမယ့်နေ့ကို စောင့်နေပါတယ်။ ရှေ့လာမယ့် သီတင်းပတ်တွေ အတွင်းမှာတော့ ကျနော်နဲ့အတူ ဌာနတွင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဦးဆောင်သူတွေက ဒီကာကွယ်ဆေးတွေဟာ အလွန်ဘေးကင်းပြီး ထိရောက်မှု ရှိတဲ့ အကြောင်း အမေရိကန် ပြည်သူတွေကို အသိပေးနိုင်အောင် တွန်းအားပေး ဆောင်ရွက်သွားပါမယ်။"

အမေရိကန် လူထု အတွက် ကာကွယ်ဆေး ပိုပြီး ရလာဖို့ Pfizer နဲ့ ဆက်လက် ဆွေးနွေးနေကြောင်းလည်း COVID 19 ကာကွယ်ဆေး ရရှိရေး ဦးဆောင်ကြိုးပမ်းနေတဲ့ အစိုးရရဲ့ Operation WRAP Speed ရဲ့ အကြံပေး အရာရှိချုပ် Moncef Slaoui က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကြည်းတပ် ဗိုလ်ချုပ်ကြီး Gustav Perna က အစိုးရရဲ့ Operation WRAP Speed အဖွဲ့ ပူးတွဲခေါင်းဆောင် ဖြစ်ပြီး COVID 19 ကာကွယ်ဆေး ဖြန့်ဖြူးမှု အပိုင်းကို ကြီးကြပ်သူ ဖြစ်ပါတယ်။

”ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ အရှေ့မြောက်ပိုင်း တလျှောက် မုန်တိုင်းဝင်လာဖို့ ရှိနေပါတယ်။ အနောက် မြောက်ပိုင်းမှာလည်း အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တို့မှာ မုန်တိုင်းကြီး တလုံးဝင်ရောက် တိုက်ခတ်မယ့် အခြေအနေ ရှိပါတယ်။ ရာသီဥတုအနေအထားက အခက်အခဲ ဖြစ်လာနိုင်ပါတယ်။”

ဒီသီတင်းပတ်ကုန်ပိုင်းမှာ Pfizer နဲ့ BioNTech ရဲ့ COVID 19 ကာကွယ်ဆေး အလုံးရေ ၂ ဒသမ ၉ သန်းကို ပထမ အသုတ် အနေနဲ့ နိုင်ငံတဝန်းက နေရာ ၆၃၆ နေရာကို ပို့ဆောင် ဖြန့်ဖြူးဖို့ အမေရိကန် အစိုးရက စီစဉ်ထားတာပါ။ အခု ပထမ အသုတ် ကာကွယ်ဆေးတွေကတော့ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ထုတ်လုပ်တဲ့ ဆေးတွေ ဖြစ်ပြီး တချို့ကတော့ ဘယ်လ်ဂျီယံ စက်ရုံကနေ ထုတ်လုပ်တာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး Perna က ပြောပါတယ်။ နောက် ကာကွယ်ဆေး တခု ဖြစ်တဲ့ Moderna Inc ရဲ့ COVID 19 ကာကွယ်ဆေးကလည်း အစောဆုံး ဒီသီတင်းပတ်ထဲမှာ အသုံးပြုခွင့် ရမယ့် အနေအထား ရှိနေပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာမှာ COVID 19 ရောဂါ ဖြစ်ပွားသူ အရေအတွက် ၁၆ ဒသမ ၂ သန်းနဲ့ အများဆုံး ဖြစ်ပြီး COVID ကြောင့် သေဆုံးရသူက တနလာၤနေ့မှာ ၃၀၀,၀၀၀ နီးပါးကို ရောက်ရှိခဲ့ပါတယ်။

VOA News