အာဖရိကနိုင်ငံများ၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ချေးငွေ ဒေါ်လာ သန်း ၇၀ တောင်ကိုရီးယားနိုင်ငံ ပံ့ပိုးကူညီမည်

04-Nov-2020

ဆိုးလ် နိုဝင်ဘာ ၃

အာဖရိကနိုင်ငံများ၏ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကူညီ ရန် အတိုးနှုန်းသက်သာသော ကာလရှည်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀ ပံ့ပိုးကူညီမည်ဟု တောင်ကိုရီးယားနိုင်ငံက ယနေ့ ပြောကြားလိုက်သည်။

ဂါနာနှင့် တန်ဇန်းနီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအဖွဲ့ (EDCF) မှတစ်ဆင့် ပံ့ပိုးကူညီရန် တောင်ကိုရီးယားနိုင်ငံက စီစဉ်ထားကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ချေးငွေများကို အာဖရိကနိုင်ငံများ၌ ဆေးဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်မှုများ တိုးချဲ့လုပ်ကိုင်ခြင်းတို့အတွက် သုံးစွဲမည်ဟု အဆိုပါဝန်ကြီးဌာနက ဆိုသည်။

ကိုဗစ်-၁၉ ရောဂါဘေးသင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ကူညီရန် ဒေါ်လာ သန်း ၄၀၀ ကျော် သုံးစွဲမည်ဟု တောင်ကိုရီးယားနိုင်ငံက သန္နိဋ္ဌာန်ချပြီးနောက် ယခုကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လအတွင်း တောင် ကိုရီးယားနိုင်ငံသည် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ စုစုပေါင်း ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ခဲ့သည်။

ကိုးကား - ယွန်ဟပ်

ဘာသာပြန် - ကျော်ထိုက်စိုး