ရွှေလေးဘုရား

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်းနှင့် ၈၃ လမ်း‌ထောင့်၊ ရွှေတချောင်းမြောင်းအနီးရှိ ညောင်ပင်ဈေး၏ အနောက်တောင်ဘက် ဓမ္မာရုံအတွင်း ကိန်းဝပ်လျက်ရှိသည့် ကြေးသွန်းဆင်းတုတော်တစ်ဆူဖြစ်သည်။ အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် မြန်မာဘုရင်များ လက်ထက်ကတည်းက သုံးစွဲလာခဲ့သော ဟင်္သာရုပ်ကြေးအလေးများကို ဆက်လက်သုံးစွဲခွင့်မပြုတော့ဘဲ ၎င်းတို့ အသိအမှတ်ပြုသော သံခွက်အလေးများနှင့် လာရောက်လဲလှယ်ရန် ၁၂၅၅ ခုနှစ်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုဟင်္သာရုပ်ကြေးအလေးများအား ဆက်လက်အသုံးပြုသူများကို ဒဏ်ရိုက်သည်။ တခြားဈေးသူဈေးသားများက ထိုဟင်္သာရုပ်ကြေးအလေးများကို သွားရောက် အပ်နှံလဲလှယ်ခဲ့ကြသော်လည်း ညောင်ပင်ဈေးသူဈေးသားများကမူ ရှိသမျှသော ဟင်္သာကြေးအလေးများကို စုပေါင်းကြိုချက်ပြီး ဉာဏ်တော်အားဖြင့် တစ်တောင်နှစ်မိုက်ရှိသော ကြေးသွန်းဘုရားအဖြစ် ၁၂၅၅ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် (၄-၅-၁၈၉၃) နေ့တွင် သွန်းလုပ်ကိုးကွယ်ခဲ့ပါသည်။ ထိုဟင်္သာရုပ်ကြေးအလေးများသည် အလေးမှန်ပြီး ရွှေကဲ့သို့ တန်ဖိုးကြီးပစ္စည်းများကိုပင် ချိန်တွယ်ပြီးသုံးစွဲကြသဖြင့် ရွှေလေးဟုလည်း ခေါ်ဆိုကြသည်။ ထို့ကြောင့် ဟင်္သာရုပ်ကြေးအလေး (ခေါ်) ရွှေလေးများကို ကြိုချက်၍ သွန်းလုပ်သော ဆင်းတုတော်ကိုလည်း "ရွှေလေးဘုရား" ဟု ဘွဲ့အမည်ခေါ်တွင်ခဲ့ပါသည်။ နှစ်စဉ် နတ်တော်လဆန်း ၇ ရက်နေ့တွင် ရွှေလေးဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပါသည်။