ရုံးအမှတ် (၅၅)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်

Listing Description

၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေဖြင့် (၃-၄-၄၈)ရက်နေ့တွင် ဗဟိုဘဏ် အဖြစ်တည်ထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်သည် အိန္ဒိယနိုင်ငံ ရီဇက်ဘဏ်၏ ရန်ကုန်ဘဏ်ခွဲ လုပ်ငန်းများကိုလွှဲပြောင်းယူခဲ့ပါသည်။ သို့ရာတွင် ၁၉၅၂ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်အက်ဥပဒေကို ပြဌာန်း ကာ ထိုဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်တည်ထောင်သောအခါ မြန်မာနိုင်ငံတွင် ငွေစက္ကူ ထုတ်ဝေရန် ၁၉၄၆ ခုနှစ် ငွေကြေးအက်ဥပဒေအရ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ငွေကြေးဘုတ် အဖွဲ့ကို ဖျက်သိမ်းပြီးနောက်တွင်မှ ဗဟိုဘဏ်လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်လာနိုင်ခဲ့ပြီး၊ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် ဘဏ်စတင်ဖွင့်လှစ်၍ လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

        ၁၉၅၂ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အက်ဥပဒေအရ ပြည်ထောင်စုဘဏ်၏ ခွင့်ပြု မတည်ငွေရင်းအား ကျပ်သန်း (၄ဝ)ထားရှိပြီး၊ ငွေကျပ် (၁ဝ)သန်းကို ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ် တွင် ပြည်သူ့ဘဏ်ဥပဒေပြဌာန်းပြီး၊ တစ်ခုတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်ကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်သော မူလမတည် ရင်းနှီးငွေကျပ် (၂ဝဝ)သန်းဖြင့် တည်ထောင်ခဲ့ပါသည်။

        မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား ၁၉၉၆ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကင်း မြို့နယ်၊ စက်မှုလမ်းအမှတ် (၂၆) သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် (၂၆-၁-၂ဝဝ၆) ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရုံးချုပ်အား နေပြည်တော်ရှိ ရုံးအမှတ် (၂၆) နေရာသို့ ယာယီပြောင်းရွှေ့ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖွဲ့စည်းပုံကို နေပြည်တော်ရုံးချုပ်၊ ရန်ကုန် ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ၊ အရာထမ်း (၁၈၁)ဦး၊ အမှုထမ်း (၁၃၄၁)ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၁၅၂၂)ဦးဖြင့် ဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ခဲ့ပါသည်။ (၂-၁ဝ-၂ဝ၁ဝ) ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးချုပ်အား ရုံးအမှတ် (၅၅)သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။