ရှင်ပင်ပက်လက် ရေစက်လက်ဘုရား

Listing Description

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၅လမ်း နှင့် ၈၆ လမ်းကြား၊ မလွန်ကတ္တူရပ်တွင် တည်ရှိပါသည်။ ရှင်ပင်ပက်လက် ရေစက်လက်ဘုရားသည် မန္တလေးမြို့ မတည်မီ ၁၃-နှစ်စော၍ အမရပူရခေတ် သက္ကရာဇ် ၁၂၀၈-ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ ဘုရားသမိုင်းအရ အင်းဝပြည့်ရှင် ဘုရင်မင်းခေါင်လက်ထက်တွင် လောကီဝိဇ္ဇာပညာရပ်တို့ကို တစ်ဖက်ကမ်းရောက် တတ်မြောက်အောင်မြင်ကြသည့် ဗားမဲ့၊ ဗားမြိုက်၊ ဗားတမော့၊ ဗားကရာဟူသော ပုဂ္ဂိုလ်ကျော်ဘုန်းတော်ကြီး လေးပါး၏ တပည့်ရင်း ရှင်သူငယ်မထေရ်အား အမှူးထား၍ အမရပူရမြို့နေ ဘုရားဒါယိကာ ဦးကောင်းနှင့် ဇနီးဒေါ်မယ်ရွက်တို့က သက္ကရာဇ် ၁၂၀၈ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို လောကီအစီအရင်များဖြင့် တည်ထားကိုးကွယ်ခဲ့သည်ဟု သိရသည်။ ဘုရားတည်ထားပုံမှာ ကျောက်တောင်ပုံစံ တောင်ငယ်တစ်ခု၏ ပတ်လည်၌ ဝိဇ္ဇာ၊ တပသီ၊ ယောဂီ၊ ရသေ့သူတော်စင် ရုပ်စုံအရုပ်များ ဝန်းရံထားပြီး တောင်၏အလယ်တွင် လိုဏ်ဂူတစ်ခုပြုလုပ်ထားကာ ယင်းဂူထဲ၌ ဗုဒ္ဓဘုရားရှင်သည် "ပက်လက်အရိယာပုဒ်" နှင့် စံမြန်းနေသည့်ပုံဖြစ်ပြီး ဘုရားရှင်၏ကိုယ်ပေါ်သို့ ကျောက်တောင်ပေါ်မှ ရေများ တစ်စက်ပြီးတစ်စက် ကျနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားဘွဲ့တော်ကို "ရှင်ပင်ပက်လက် ရေစက်လက်"ဟူ၍ ခေါ်တွင်ကြပါသည်။ "ရှင်ပင်ပက်လက် ရေစက်လက်"ဟူသော ဘုရားဘွဲ့တော်သည် နဝင်းဓာတ်ဆင်၍ သမုတ်ခဲ့ခြင်း ဖြစ်သည်။ (ရှင်=၄၊ ပင်=၅၊ ပေါင်း ၉ နဝင်းဓာတ်) တစ်ဖန် (ပတ်=၅၊ လက်=၄၊ ပေါင်း ၉ နဝင်းဓာတ် ) ဖြစ်သည်။ "ရှင်ပင်ပက်လက်"ဟူသော နဝင်းဓာတ်ကိုယူပြီး ရေစက်လက် (ရေ=၄၊ စက်=၃၊ လက်=၄၊ ပေါင်း ၁၁ ရသည်) နှင့် တွဲ၍ ၁၁ မီး အငြိမ်းဓာတ်ကို ရည်ညွှန်း၍ ရှင်ပင်ပက်လက် ရေစက်လက်ဘုရားကို တည်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဘုရားဝင်းအတွင်း၌ အလွန်လက်ရာမြောက်၍ သပ္ပာယ်လှသော လျောင်းတော်မူကြီး တစ်ဆူလည်း တည်ထားကိုးကွယ်ခဲ့သည်။ ထို့အပြင် ရှေးခေတ်အဆက်ဆက်မှ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း အပူဇော်ခံထားသည်။