ပင်လည်ဘူးမြို့နယ် နှစ် ၁၀၀ ကျော်သက်တမ်းရှိသော ကဒူးရိုးရာအထိမ်းအမှတ် မော်တိတ်တံခွန်တိုင်အား ပြန်လည်ထိန်းသိမ်းထားရှိ

Listing Description

ပင်လည်ဘူး   ဇန်နဝါရီ   ၁၁

စစ်ကိုင်းတိုင်းဒေသကြီး  ပင်လည်ဘူးမြို့နယ်  ကဒူးဒေသရှိ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သော ကဒူးရိုးရာ မော်တိတ် တံခွန်တိုင်အား ပြန်လည်ထိန်းသိမ်းသည့်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ အလှူငွေကျပ် ၃၃ သိန်းနှင့် ပင်လည်ဘူးမြို့နယ် ကျွန်တော်များ ကမ်းလက်အလှူရှင်များ အဖွဲ့နှင့် ဌာနဆိုင်ရာများ၏ စုပေါင်းအလှူငွေကျပ် ၄၈ သိန်းတို့ဖြင့်     ကဒူးရိုးရာ   မော်တိတ်တံခွန်တိုင်သို့  သွားရာလမ်းနှင့် တိုင်ပတ်လမ်း   ကွန်ကရစ်ခင်းခြင်း၊    ကြွေပြားကပ်ခြင်း၊     ခြံစည်းရိုး ကာရံခြင်း၊   အဝင်တံတား ဆောက်လုပ်ခြင်း၊  ဇရပ် တည်ဆောက်ခြင်းလုပ်ငန်းများ    ပြီးစီး၍    တရားနာ ရေစက်ချမင်္ဂလာကို ယမန်နေ့ နံနက် ၉ နာရီတွင်  ကဒူးဒေသ မြောက်မော်ကျေးရွာရှိ မော်တိတ်တံခွန်တိုင် အနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ တွဲဖက်အတွင်း ရေးမှူး ဦးသန်းဌေး၊ ပင်လည်ဘူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသက်နောင်၊ ကျွန်တော်များကမ်းလက်အလှူရှင်များ အဖွဲ့နှင့် ဌာနဆိုင်ရာအလှူရှင်များ၊ ဒေသခံ ကဒူးလူမျိုးများ တက်ရောက်ကြပြီး   ကဒူးရိုးရာ  မော်တိတ်တံခွန်တိုင်သို့ သွားရာလမ်းနှင့် တိုင်ပတ်လမ်း ကွန်ကရစ်ခင်းခြင်း၊ ကြွေပြားကပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဝင်တံတား ဆောက်လုပ်ခြင်း၊  ဇရပ်တည်ဆောက်ခြင်း  ကောင်းမှု ကုသိုလ်  အစုစုတို့အတွက်  ဆရာတော်၊ သံဃာတော် များထံမှ တရားနာ ရေစက်သွန်းချလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကဒူးရိုးရာ မော်တိတ်တံခွန်တိုင်ကို ယခင်က လုံးပတ် ငါးပေ၊ အရှည် ၃၂ တောင်ရှိ အလယ်တိုင်မကြီး တစ်လုံးနှင့် လုံးပတ် ခုနစ်ပေ၊ အရှည် ၁၅ ပေရှိ အရံလက်ခံတိုင် လေးလုံး ဖြင့် စိုက်ထူထားရှိပြီး အရံတိုင်လေးလုံးတွင် ရုပ်ပေါင်းစုံ ပန်းပုလက်ရာများပါရှိကြောင်း၊ ယခုအခါ သက်တမ်းကြာပြီ ဖြစ်သည့်အတွက် ပန်းပုလက်ရာများမှာလည်း ပျောက်ကွယ် ပြီး တံခွန်တိုင်မှာလည်း လေးလုံးသာ ကျန်ရှိတော့ကြောင်း၊ အဆိုပါတံခွန်တိုင်အနီးတွင် ရှေးယခင်မင်းများ တည်ထား ကိုးကွယ်ခဲ့သည့် စေတီဟောင်းများလည်းရှိကြောင်း သိရ သည်။

မျိုးလွင်(ပြန်/ဆက်)