ရေဖြူမြို့နယ်အတွင်း ကျေးရွာချင်းဆက် လမ်းတံတားများ တည်ဆောက်မှုစတင်

Listing Description

ရေဖြူ ဒီဇင်ဘာ ၁၅

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေကျပ် ၁၂၆ ဒသမ ၀၁၈ သန်းဖြင့် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် အိန္ဒရာဇာ - ဆင်ကူး-လယ်ကြီး - မင်းသား - ဆင်စွယ်-ရေငံကြီး - စိန်ဘုံကျေးရွာချင်းဆက် လမ်း(၁၅/၀)မိုင်ပေါ်တွင် အမာခံလမ်း (၄/၀) မိုင်နှင့် ရာဖူး-စိန်ဘုံကျေးရွာ ချင်းဆက်လမ်း(၅/၁)မိုင်ပေါ်တွင် ၁၂ ပေတံတားတစ်စင်းတို့ကို ခင်းကျင်း တည်ဆောက်မည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအား တင်ဒါ အောင်မြင်သည့် ကုမ္ပဏီကလုပ်ငန်း စတင်အကောင်အထည်ဖော်လျက် ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်) မှ ဒေသကြီးကြပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေသည့် နေရာများကို ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းအရည်အသွေးစံချိန်စံညွှန်း ပြည့်မီစေရေး ဆောင်ရွက် ရန် မှာကြားသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက အိန္ဒရာဇာ- ဆင်ကူး- လယ်ကြီး - မင်းသား - ဆင်စွယ်- ရေငံကြီး - စိန်ဘုံ ကျေးရွာများမှ ကျေးရွာနေပြည်သူ ၁၀၃၄၁ ဦး၏ လူမှုစီးပွားဘဝ အကျိုးပြုဖြစ်ထွန်းနိုင် မည်ဖြစ်သည်။ တနင်္သာရီသား