ဦးစဝ်ထွန်းမှတ်ဝင်း (၁၉၂၅-၂၀၁၀)

Listing Description

ဆရာကြီး ဦးစဝ်ထွန်းမှတ်ဝင်း (အရှင်ဝဏ္ဏဓဇသီရိ)ကို ဦးဂေါ်ရာ (ခေါ်)စဝ်စံလှိုင်၊ ဒေါ်နန်းဌေး(ခေါ်) ဒေါ်ဌေးဌေးတို့က ညောင်ရွှေမြို့နယ် မိုင်းသောက်မြို့၌ ၁၉၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။

၁၉၄၆ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည်။ ၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့နှင့် ၁၉၅၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာ (ဂုဏ်ထူး)ဘွဲ့ကို ရရှိသည်။ ၁၉၅၉-၆၀ပြည့်နှစ်တွင် အောက်စဖို့ဒ်တက္ကသိုလ်မှ မဟာဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့နှင့် ၁၉၆၁-၆၂ ခုနှစ်တွင် ဟားဗတ်ဒစ်ဗင်းနီတီတက္ကသိုလ်မှ အထက်တန်းသုတေသနပညာရှင်ဘွဲ့ကို ရရှိသည်။

နိုင်ငံ့ဝန်ထမ်းအဖြစ်နည်းပြဆရာ၊ ကထိက၊ ဌာနမှူး၊ သုတေသနဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး တာဝန်များကို ထမ်းဆောင်ကာ ၁၉၈၆ ခုနှစ်တွင် အငြိမ်းစားယူသည်။ ၁၉၈၇ ခုနှစ်တွင် သာသနာရေး ဝန်ကြီးဌာန အကြံပေးပညာရှင်အဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် မဟာဌာနမှူး အဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်းဆောင်ရွက်သည်။

ဘာသာရေးကျမ်းစာအုပ် ၁၅ အုပ်ကို အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ အခြားကျမ်းနှင့်သမိုင်းစာအုပ် ၁၅ အုပ်ကို မြန်မာဘာသာဖြင့်လည်းကောင်း ရေးသားပြုစုခဲ့သော စာပေပညာရှင်ကြီးဖြစ်သည်။ ဓမ္မစကြာမြို့တော်ကြီးနှင့်တရားဦး စာအုပ်ဖြင့် တက္ကသိုလ် အနုပညာ ပထမဆုရရှိသည်။ ၁၉၆၈ ခုနှစ်တွင် အမျိုးသား စာပေဆု သုတပဒေသာဆု (ဒုတိယ)ကို သုတေသနပြုစု နည်းအမျိုးမျိုး စာအုပ်ဖြင့် ချီးမြှင့် ခြင်းခံရသည်။

ကန်တော့ခံသက်ကြီးစာပေပညာရှင် ဦးစဝ်ထွန်း မှတ်ဝင်းသည် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဌေးဌေး (အိမ်တွင်းမှုသိပ္ပံဌာန ဌာနမှူး-ငြိမ်း၊ ပညာရေးတက္ကသိုလ်)၊ သားနှစ်ဦးနှင့်မြေးနှစ်ဦးတို့ ကျန်ရစ်သည်။