ဦးနေဝင်း (၁၉၁၀ - ၂၀၀၂)

Listing Description

၁၉၁၁ ခု မေလ ၂၄ ရက်နေ့ (သို့) မေလ ၁၄ရက်နေ့ (သို့) ၁၉၁၀ ခု ဇူလိုင်လ ၁၀ရက်နေ့၌ ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါင်းတလည်မြို့တွင် မွေးဖွားခဲ့သည်။ ငယ်နာမည် ရှုမောင်ဖြစ်သည်။ ၁၉၂၉ နှစ်ဦးပိုင်းတွင် ရန်ကုန်တက္ကသိုလ်တွင် သင်ကြားခဲ့ရာမှ ၁၉၃၁ခုနှစ်တွင် ကျောင်းမှထွက်ကာ "သခင်ရှုမောင်"အမည်ဖြင့် တို့ဗမာအစည်းအရုံးဝင် တစ်ဦးဖြစ်ခဲ့သည်။

ရဲဘော်သုံးကျိပ် တွင် ပါဝင်ကာ သခင်ရှုမောင် မှ ဗိုလ်နေဝင်း ဟုအမည်ပြောင်းလဲခဲ့သည်။ ဗမာ့အမျိုးသားတပ်မတော်တွင် Commander အဖြစ်ဖြင့် ဂျပန်များနှင့် အလံနီကွန်မြူနစ် ပါတီတို့ကို ချေမှုန်းခဲ့သည်။

အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းအဖြစ် မြန်မာ့တပ်မတော်ကိုဦးဆောင်ကာ  ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။

၁၉၆၂ မှ ၁၉၈၈ အထိ နိုင်ငံတော်သမ္မတ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဖွဲစည်း တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၆၂ တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ်ကျောင်းသား တစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦးလည်း ပျက်စီးခဲ့ရသည်။ 

ဦးနေဝင်းသည် “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုတည်ထောင်ကာ တစ်ပါတီစနစ်ဖြင့် ၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သည်။ ၁၉၇၄ မတ်လ ၂ ရက်နေ့တွင် "ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်" အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဗိုလ်ချုပ်စိန်ဝင်းသည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၁၉၈၁-ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစန်းယု သမ္မတ ဖြစ်လာခဲ့သော်လည်း ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေဝင်းသည် ပါတီခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။

ဦးနေဝင်းသည် ၎င်း၏ ဘဝတလျှောက်တွင် တရားဝင် အိမ်ထောင်ပေါင်း (၇) ကြိမ်ခန့် ကျခဲ့ပြီး ပထမဆုံး အိမ်ထောင်အဖြစ် ဒေါ်သန်းညွှန့်နှင့် ၁၉၃၁ ခုနှစ်တွင် လက်ထပ်ခဲ့သည်။ ဒေါ်သန်းညွှန့်သည် အပျိုမဟုတ်ပေ။ ပထမအိမ်ထောင်နှင့် သားတစ်ယောက်ပါခဲ့သူ ဖြစ်သည်။ ဒေါ်သန်းညွှန့်နှင့် ၁၉၃၇ ခုနှစ်အထိ ပေါင်းသင်းနေထိုင်၍ သားကိုသိန်း (တာတီး) ခေါ် ဦးကျော်သိန်းကို ဖွားမြင်ခဲ့သည်။

ထို့နောက် ဒေါ်တင်တင်နှင့် ၁၉၃၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်အမှတ် ၁၀၆ ၌ လက်ထပ်ခဲ့သည်။ သားကြီး ငွေစိုးနှင့် ဒုတိယသား အေးအောင်ဝင်း ခေါ် ကိုအေးအောင်တို့ကို ဖွားမြင်ခဲ့သည်။

၁၉၅၂ မတ်လ ၁ဝ ရက် တနင်္လာနေ့တွင် ဒေါ်ခင်မေသန်း ခေါ် ကစ်တီဘသန်းနှင့် ရန်ကုန်ဆေးရုံကြီးအတွင်းရှိ ဆေးကျောင်းအုပ်ကြီးနေအိမ်၌ လက်ထပ်ခဲ့သည်။ ဒေါ်ခင်မေသန်းနှင့် လက်ထပ်စဉ်က ဦးနေဝင်းသည် ဒုတိယ မယားကြီး ဒေါ်တင်တင်နှင့် တရားဝင် မကွာရှင်းရသေးပေ။ ထို့ကြောင့် လက်ထပ်ပြီး ၃ ရက်အကြာတွင် မယားကြီး ဒေါ်တင်တင်က ၁၉၅၂ မတ်လ ၁၃ ရက်နေ့ထုတ် ဗမာ့ခေတ် သတင်းစာမှနေ၍ "ကျွန်မသာလျှင် ဗိုလ်ချုပ်နေဝင်း၏ မယားကြီးပါ" ဟူ၍ ခေါင်းစဉ်တပ်ကာ ကြေညာခဲ့လေသည်။ ဒေါ်ခင်မေသန်းနှင့် လက်ထပ်ပြီးနောက် သမီး စန္ဒာဝင်း၊ ဖြိုးနေဝင်း၊ ကြေးမုံဝင်းတို့ ထွန်းကားခဲ့သည်။ သမီးစန္ဒာဝင်းကို ၁၉၅၂ တွင်ဖွားမြင်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဒေါ်ခင်မေသန်း ကွယ်လွန်သွားပြီးနောက် နောင်တွင် တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ကမာရွတ်မြို့နေ အဖ ဦးလှ၊ အမိ ဒေါ်အေးမြင့်တို့၏ သမီး ဒေါ်နီနီမြင့် (မဟာဝိဇ္ဇာ – သမိုင်း) နှင့် ၁၉၇၃ ခုနှစ်၊ ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့တွင် လက်ထပ်ခဲ့သည်။ ဒေါ်နီနီမြင့်နှင့် သားသမီး မထွန်းကားခဲ့ပါ။ ဒေါ်နီနီမြင့်နှင့် ကွာရှင်းပြီးနောက် John Rose Bellamy ခေါ် အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ မြစ် ရတနာနတ်မယ်နှင့် ၁၉၇၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် လက်ထပ်ခဲ့သည်။ သို့သော် ၅ လမျှ ပေါင်းဖြစ်ပြီး ရတနာနတ်မယ်နှင့် အိမ်ထောင်ရေး ပြိုကွဲပြီးနောက် ဒေါ်နီနီမြင့်နှင့် ပြန်လည် ပေါင်းထုတ်ခဲ့သည်။ ထို့နောက် အသက် ၇၇ နှစ်အရွယ်၌ အသက် ၂၅ နှစ်အရွယ် ရခိုင်အမျိုးသမီး ဒေါ်ကြာစံအား လက်ထပ်ခဲ့သည်ဟု ဆိုသည်။

၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိပြီဖြစ်သည်။