သရပါတံခါး

Listing Description

မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ သရပါတံခါးသည် ပုဂံမြို့ဟောင်းတွင် တစ်ခုတည်းသာကျန်ရစ်သော မြို့ရိုးတံခါး ဖြစ်ပါသည်။ ပျဉ်ပြားမင်းသည် ခရစ်နှစ် ၈၄၉ ခုနှစ်တွင် ပုဂံမြို့ကိုတည်ရာ၌ ပုဂံကျုံးမြို့ရိုးလေးမျက်နှာပတ်လည်တွင် တံခါး ၁၂ ရပ် ပါရှိခဲ့သည်။ ထိုတံခါး ၁၂ ရပ်အနက် အရှေ့မျက်နှာအလယ်ဗဟိုတံခါးဖြစ်သည့် သရပါတံခါးတစ်ခုသာ ယခုအခါ ထင်ထင်ရှားရှား ကျန်ရစ်ပါသည်။ သရပါကာရဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး သရပါဟူသောအမည်သည် "မြားကို ဆီးကာသောတံခါး" ဟု အဓိပ္ပာယ်ရပါသည်။ ထိုသရပါတံခါး၏ အပြင်နံရံအထက်ပိုင်း ပတ်လည်တွင် ဘီလူးပန်းဆွဲနှင့် ပုလဲကုံး အင်္ဂတေလက်ရာအချို့ကို မြင်တွေ့နိုင်ပါသည်။ တံခါး၏ ဘေးတစ်ဖက်တစ်ချက်တွင် မဟာဂီရိနတ်မောင်နှမ (လက်ဝဲမောင်တော်နတ်ရုပ်၊ လက်ယာနှမတော်နတ်ရုပ်) တို့၏ နတ်ကွန်း များရှိသည်။ သရပါတံခါးတွင် ငတပါသင်နတ် စောင့်ရသည်ဟု အဆိုရှိသော်လည်း နှောင်းလူတို့သည် သရပါတံခါး၌ မင်းမဟာဂီရိနတ်မောင်နှမ၏ နတ်ကွန်းဂူနှစ်ခုကို ပြုလုပ်ထားကြသည်။