အလုပ်အကိုင်အခွင့်အလမ်း ၃၃၀၀၀ ကျော် ဖန်တီးပေးနိုင်မည့် Yangon Amata Smart and Eco City စီမံကိန်း ပန္နက်တင်အခမ်းအနား ကျင်းပ

Listing Description

ရန်ကုန်  ဒီဇင်ဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် (တောင်ပိုင်း)မြို့နယ် အမှတ်(၂) လမ်းမကြီးဘေး လေးထောင့်ကန်ကျေးရွာအနီး မြေဧရိယာဧက ၂၀၀၀ ပေါ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ အခြေစိုက် Amata Corporation PCL  တို့ အကျိုးတူ ပူးပေါင်း၍  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် စက်မှုမြို့ကြီးဖြစ်လာ မည့် Yangon Amata Smart and Eco City စီမံကိန်း  စတင်အကောင်အထည် ဖော်တည်ဆောက်ခြင်း ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စီမံကိန်းမြေနေရာ၌ ကျင်းပသည်။

အဆိုပါစီမံကိန်းသည် သီလဝါအထူးစီးပွားရေးဇုန်နှင့် ဟံသာဝတီလေဆိပ်၏ စီးပွားရေးကော်ရစ်တာတွင် ရှိသည့်အတွက် ရန်ကုန်မြို့၏ အရေးကြီးသော စီမံကိန်းကြီးဖြစ်ကြောင်း၊ ယင်းစီမံကိန်းကြောင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)နှင့် (တောင်ပိုင်း) မြို့နယ်တို့သည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း များတွင်  စက်မှုဆိုင်ရာ ဓာတ်ငွေ့ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်လုပ်ငန်းများ၊ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးနှင့် သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးရေးလုပ်ငန်းများ၊  ဆောက်လုပ်ရေးအထောက်အကူပြုပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းသုံး ရေရရှိရေးစနစ်နှင့် စွန့်ပစ်ရေဆိုးစနစ် တည်ဆောက်ခြင်း၊ စွန့်ပစ်အမှိုက်သိမ်းဆည်းရေးစနစ်၊ နိုင်ငံတကာ အဆင့်မီ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ ထည့်သွင်းတည် ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အုံနှင့် ပြည်သူပိုင်မြေအသုံးချခြင်းတို့ကို တိုးတက်စေရုံသာမက Yangon Amata Smart and Eco City အတွင်း တည်ဆောက်မည့် ထုတ်ကုန်စက်ရုံများမှရရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှအမေရိကန် ဒေါ်လာ ၃ ဒသမ ၇၅ ဘီလီယံကိုရရှိရန် မျှော်မှန်းထားကြောင်း၊ ယင်းစီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် လည်ပတ်သည့်အချိန်တွင် နှစ်စဉ် ထုတ်လုပ်နိုင်မှုစွမ်းအား အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ရရှိနိုင်မည်ဟု ရည်မှန်းချက်ထား  ဆောင်ရွက်နေကြောင်း သိရသည်။

 အဆိုပါစီမံကိန်းဖော်ဆောင်ခြင်းသည် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း ၃၃၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်မှ  နှစ်စဉ်ဝင်ငွေခွန်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအပေါ် အခြေခံ၍ စီမံကိန်း ဧရိယာ ဧက ၂၀၀၀ ကို ငါးနှစ်အတွင်း တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကြောင်း၊ ပထမဆုံး တည်ဆောက်မည့်စက်ရုံနှင့်  အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများကို ၂၀၂၁ ခုနှစ် ပထမသုံးလတွင် ကနဦးတည်ဆောက်နိုင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်ကုန်တွင် စတင်လည်ပတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး   Mrs.  Suphatra   Srimaitreephithak၊    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရုံးမှ  ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ Yangon Amata Smart and Eco City လီမိတက်၏ မန်နေဂျင်းဒါရိုက်တာ Mr.Yasuo Tsutsui တို့က စီမံကိန်းမြေ၌  ပန္နက်တင်ပေးကြသည်။

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၌ ထိပ်တန်းစက်မှုမြို့တော်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် အများပိုင်ကုမ္ပဏီလက်အောက်ရှိ Amata Asia (Myanmar) Limited အနေဖြင့် အမေရိကန်ဒေါ်လာ  တစ်ဘီလီယံတန်ဖိုးရှိသည့်  စီမံကိန်း၏  ပထမအဆင့်ကို စတင်အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 စီမံကိန်းပထမအဆင့် မြေဧရိယာ ဧက ၂၀၀ ပေါ်၌ စတင်အကောင် အထည်ဖော်ဆောင်မည် ဖြစ်သည့်အတွက် အလွန်အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ကြောင်း၊ စက်မှုဇုန်စီမံကိန်းလုပ်ငန်းများကို စတင်နိုင်ရန် နှစ်ဖက်ပူးပေါင်း ဖွဲ့စည်းထားသော Yangon Amata Smart and Eco City Limited က ဆောင်ရွက် နေပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော မြို့တော်တစ်ခုဖြစ်နိုင်ရန် ရည်မှန်း ထားကြောင်း၊၂၁ ရာစုနှင့် ကိုက်ညီသည့်အရည်အသွေးပြည့်မီသော၊ အလုပ် အကိုင် အခွင့်အလမ်းများ၊  ပညာရေး၊  နည်းပညာနှင့် သက်မွေးဝမ်းကျောင်း သင်တန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု၊  ကုန်သွယ်ရေးနှင့် အပန်းဖြေနေရာ များအားလုံးကို တစ်နေရာတည်းတွင်ရရှိစေရန် ဖန်တီးဆောင်ရွက်မည့် မြန်မာ နိုင်ငံ၏ ပထမဦးဆုံးအစိမ်းရောင် ပတ်ဝန်းကျင်ကို အခြေခံသည့် ရေရှည်တည်တံ့ ခိုင်မြဲသော နေရာတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်ကျော်