စူဠာမုနိရုပ်ရှင်တော်

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သင်္ဘောတန်းရပ်၊ ၈၉ လမ်း၊ အကွက်အမှတ် (၁၉၆)၊ ဦးလှဖေ-ဒေါ်မြသိန်းတို့နေအိမ်၌ ကိုးကွယ်ပူဇော်ထားသည်။ ရာဇဝင်သမိုင်းအရ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ရုပ်ပွားတော်ဖြစ်သည်ဟု ယုံကြည်ကြပြီး မဟာမြတ်မုနိရုပ်ပွားတော်ပြီးနောက် ဤစူဠာမုနိဖြစ်သည်ဟု အဆိုရှိသည်။ ရုပ်ပွားတော်သည် ကျွန်းညိုသားဖြင့် ထုလုပ်ထားကာ ဉာဏ်တော်အမြင့် ၅ ပေခန့်ရှိပြီး မင်းအဆက်ဆက် နန်းဦး၌ ကိုးကွယ်ခဲ့သည်။ သာယာဝတီမင်း နာမကျန်းဖြစ်စဉ် ဒေးဝန်းယာယီစံနန်း၌ ကိုးကွယ်ခဲ့ရာမှ နောင်တွင် သစ်တောခြုံနွယ်တို့ဖြင့် တိမ်မြုပ်ဖုံးကွယ်နေရာ သစ်ဆိမ့်ဆရာတော် ဦးဝိသုဒ္ဓ၏ ဦးဆောင်မှုဖြင့် ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ထို့နောက် ၁၃၂၀ ပြည့်နှစ်မှစ၍ သစ်ဆိမ့်ရွာဇာတိ ဦးလှဖေ-ဒေါ်မြသိန်းတို့က ပြုပြင်မွမ်းမံ၍ ရွှေသင်္ကန်းကပ်လှူ ကိုးကွယ်ခဲ့ကြသည်။ ရုပ်ပွားတော်မြတ်ကြီး၏ ထူးခြားချက်တစ်ခုမှာ သင်္ဘောတန်းရပ်ကွက် မီးနှစ်ကြိမ်လောင်ခဲ့သည့်အနက် တစ်ကြိမ်မျှလောင်ကျွမ်းခြင်းမရှိဘဲ မီးကွင်းလောင်သွားသည်ကိုသာ ထူးဆန်းစွာ ကြုံတွေ့ရသည်ဟု သိရသည်။ ယခုအခါ ဦးလှဖေ-ဒေါ်မြသိန်းတို့၏ သားဖြစ်သူ ဦးဘီမောင် မောင်နှစ်မတစ်စုတို့က ကိုးကွယ်လျက်ရှိသည်။