စစ်ကိုင်း ဦးဘိုးသင်း (၁၈၉၀-၁၉၇၃)

Listing Description

စစ်ကိုင်း ဦးဘိုးသင်းကို ၁၂၅၂ ခု၊ ဝါခေါင်လ ပြည့်ကျော် ၁ ရက် (၁၈၉ဝ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်) ကြာသပတေးနေ့တွင် သရက်ခရိုင် မင်းတုန်းမြို့၊ မြို့သစ်ကုန်း အရှေ့ပိုင်း၌ ဖွားမြင်သည်။ ဖခင်မှာ ဦးဘိုးသာ၊ မိခင်မှာ ဒေါ်ရွှေအိတ် ဖြစ်သည်။ သား သုံးယောက်တွင် ဦးဘိုးသင်းသည် ဒုတိယသား ဖြစ်သည်။

ဦးဘိုးသင်းသည် ပေပင်ကျောင်းခေါ် ဘုန်းတော်ကြီး ကျောင်း၌ စတင် ပညာသင်သည်။ ကျောင်းမနေမီ ကပင် ဖခင်၏ သင်ကြားမှုကြောင့် စာရေးတတ် ဖတ်တတ်သဖြင့် ပေပင်ကျောင်းတွင် ပထမတန်းကို ဝင်ဖြေရာ ပထမ ရသည်။ အတန်းအဆင့်ဆင့် ထူးချွန်စွာ အောင်မြင်ပြီး သတ္တမတန်းတွင်လည်း သရက်မြို့နယ်၌ ပထမ ရသည်။ ထို့နောက် မန္တလေး နော်မန်ကျောင်း (ဆရာ အတတ်သင်ကျောင်း) ၌ ဆက်လက် ပညာ ဆည်းပူးရာ ၁၉ဝ၇ ခုနှစ်တွင် ဆရာဖြစ် အောင်သည်။ ထို့နောက် မြစ်ကြီးနားတွင် ကျောင်းဆရာအဖြစ် လည်းကောင်း၊ ဗန်းမော်တွင် ကျောင်းအုပ်အဖြစ် လည်းကောင်း အမှုထမ်းခဲ့သည်။ ထိုစဉ် ပညာအုပ်နှင့် စကားများ သဖြင့် အလုပ်မှ နုတ်ထွက်သည်။

အလုပ်မှ နုတ်ထွက်ပြီးနောက် စာနယ်ဇင်း လောကသို့ ဝင်ရောက်သည်။ မန္တလေးတွင် သတင်းထောက် အဖြစ် ဆောင်ရွက်သည်။ ရန်ကုန်သို့ သွားပြီး ကူးသန်း ရောင်းဝယ်ရေး သတင်းစာတွင် ဝင်ရောက် လုပ်ကိုင်သည်။ ထိုစဉ် ပညာမင်းကြီးက ခေါ်ယူပြီး မကွေးတွင် ပညာအုပ် အဖြစ် ခန့်ထားသည့် အတွက် ပညာရေး ဌာနသို့ ပြန်ရောက်လာရသည်။ ဦးဘိုးသင်းသည် ပညာအုပ် အဖြစ်ဖြင့် မြန်မာနိုင်ငံ အနှံ့ ရောက်ခဲ့သည်။

ဦးဘိုးသင်းသည် အသက် ၁၉ နှစ် အရွယ်က စ၍ စာပေ လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဝတ္ထု၊ ဆောင်းပါး အမြောက်အမြား ရေးသားခဲ့သည်။ 'ရွှေဂျိုးဖြူ' ဟူသော ကလောင် အမည်ခွဲဖြင့် လည်းကောင်း ရေးသားသေးသည်။ စစ်ကိုင်းတွင် အခြေတကျ နေထိုင်သည့်အတွက် 'စစ်ကိုင်း ဦးဘိုးသင်း' ဟု ထင်ရှားသည်။

ဆရာကြီး ရေးသားသော စာအုပ်များမှာ ကိုကို၊ ကိုးသိန်းမောင်၊ ဖာတလုံး ခေါင်းကျား၊ ကိုးသိန်းရှင် ကြာဝတ်ရည်၊ ခင်ကြီး မဟာမြိုင်၊ ခေါင်မြင့်ပန်းရည် ချစ်ပန်းရည်၊ ငတုန်း၊ ငပတ်လည်၊ ငဖြူထီး နန်းတွင်း ဝတ္ထုတော်ကြီး၊ ငမည်းခေါင်၊ စောထီးမောင်၊ စိတ်တိမ်းမောင်၊ ဆောင်းအမီ၊ အမယ့် ယောက်ျား၊ တင့်မျိုးခေါင်၊ တို့ကျေးရွာ၊ နီတိမာလာတော်ဝင် ဝတ္ထုတော်ကြီး၊ နီတိအမြုတေ၊ နေမျိုးနွယ် နန်းတွင်း ဝတ္ထုကြီး၊ ငလုံးမယ်၊ ပုဂံခေတ် အရည်းမာယာ၊ ပင်မြင့်ပန်း၊ ပင်လယ်ပျော် သီသီ၊ ပျို့မောင်၊ ပြည်ကြီးမျက်ရှင်၊ ပြည်ကြီးမှန်ကူ၊ ပြည်ကြီးရတနာ၊ ပြည်တွင်းလဲ့လဲ့၊ ငမဲကျွန်၊ စလေမင်းခွေး၊ ခရီးသည်ကြီး၊ သူ့အမြင် သူ့အတွေး (ဆယ်တွဲ) စသည်တို့ ဖြစ်သည်။

၁၉၃၈ ခုတွင် ရေးသော ဖာတလုံး ခေါင်းကျား ဝတ္ထုသည် ထင်ရှားသော ဝတ္ထုတပုဒ် ဖြစ်သည်။ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရသော ဝတ္ထုဖြစ်သည်။ ငမဲကျွန် ဝတ္ထုသည် ၁၉၅၄ ခုနှစ်တွင် စာပေဗိမာန်ဆု ချီးမြှင့်ခံရသော ဝတ္ထု ဖြစ်သည်။ သိမှတ်ဖွယ်ရာ၊ ဆင်ခြင် စဉ်းစားဖွယ်ရာများ ပါဝင်သော သူ့အမြင် သူ့အတွေး ဆယ်တွဲသည်လည်း ဆရာကြီး၏ ထင်ရှားသော လက်ရာဖြစ်သည်။ ဆရာကြီး၏ ဝတ္ထုများတွင် လောကအသိ ရှာဖွေရေးကို ဦးတည်လေ့ရှိသည်။

တပည့်များ၏ တိုက်တွန်းချက် အရ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ၁၉၇၈ ခုတွင် ရေးသားပြီး ၁၉၇၉ ခုနှစ်တွင် စာပေဗိမာန်က ထုတ်ဝေသည်။ ငယ်စဉ် ဘဝက စ၍ စစ်ပြီး ကာလအထိ ပါဝင်သည်။

ဆရာကြီး ဦးဘိုးသင်းသည် ၁၃၃၅ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၁ ရက် (၁၉၇၃ ခု၊ ဒီဇင်ဘာလ ၁ဝ ရက်) နေ့တွင် ကွယ်လွန် အနိစ္စရောက်သည်။