စာရေးဆရာကြီးသော်တာဆွေ (၁၉၁၉ - ၁၉၉၅)

Listing Description

စာရေးဆရာကြီး သော်တာဆွေကို ၁၉၁၉ ခုနှစ် မေလ ၂၆ရက် တနင်္လာနေ့တွင် ပေါင်းတည်မြို့ အလယ်ပိုင်း ကြို့ပင်ရွာနေ အဖ လယ်သမားကြီး ဦးဖိုးဆယ် အမိ ဒေါ်လှရင်တို့က ဖွားမြင်သည်။ မွေးချင်း ၈ ယောက်တွင် တတိယမြောက် ဖြစ်သည်။ ဇာတာအမည်မှာ မောင်ချစ်လှိုင် ဖြစ်ပြီး ငယ်မည်မှာ ဘိုနီ ဖြစ်သည်။ ကျောင်းနေရွယ် ကျောင်းအပ်သောအခါ မောင်ကျင်မောင် ဟူသောအမည်ဖြင့်ဖြစ်ပြီး ကြီးပြင်းလာသောအခါ မောင်ကြင်ဆွေဟု အမည်တွင်သည်။

၁၉၂၆ ခုနှစ် ၇ နှစ်သား အရွယ်တွင် ကြို့ပင်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သည့် မြန်မာစာသက်သက်သင်သော လောကဓာတ်ကျောင်းတွင် ပညာစသင်ခဲ့ရသည်။ ၁၄ နှစ်သားအရွယ်တွင် ကြို့ပင်ရွာ ဘုန်းကြီးကျောင်းတွင်ဖွင့်သည့် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကာ ၁၉၃၈ ခုနှစ်တွင် မြန်မာစာ ၁၀ တန်းအောင်ခဲ့သည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင် ဆရာဖြစ်သင်ကျောင်းတွင် ပညာဆက်လက် သင်ယူကာ ဆရာဖြစ်သင်တန်းအောင်မြင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ထိုခေတ်က ဟိုက်ယားဂရိတ် ခေါ် အထက်တန်း မြန်မာစာ ဆရာဖြစ် သင်တန်းအောင်ခဲ့ပြီး စမ်းချောင်း မအူပင်လမ်းရှိ ဒေါ်မမ၏ ခေတ်အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်းတွင် ဆက်လက်တက်ရောက်ခဲ့သည်။ ထိုကျောင်းတွင် မောင်ကြင်ဆွေဟု အမည်ပြောင်းလိုက်သည်။ နှစ်⁠နှစ်မျှ အင်္ဂလိပ်စာ သင်ကြားခဲ့ရသည်။

၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ ဒေါ်နော်မာ နှင့် အိမ်ထောင်ကျကာ ဒေါ်ဦးဦးမေ၊ ဦးကျော်ကျော်၊ ဒေါက်တာ အောင်သော်၊ ဒေါ်မော်မော် နှင့် ဒေါ်သန်း⁠သန်းဆွေ စသည့် သားသမီးများ ထွန်းကားခဲ့သည်။

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်ခေတ်တွင် မြင်းလှည်းသမားဘဝဖြင့် အသက်မွေး ကျင်လည်ခဲ့ပြီး မဟာမိတ်တို့ရန်ကုန်ကို ပြန်လည်သိမ်းပိုက်ပြီး ကက်စဘီခေတ်တွင် ကြို့ပင်ရွာသို့ ပြန်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဖခင်၏ စီစဉ်မှုဖြင့် ပေါင်းတည်မှ မန္တလေးသို့ ဆန်ကုန်ကူးခဲ့သည်။ ထိုနောက် ကသာ၊ မြစ်ကြီးနားမြို့များအထိ ဆန်ကုန်ကူးသည်။ အရင်းပြုတ်ပြီး ကသာတွင်ပင် မသူနှင့်ထပ်မံအိမ်ထောင်ကျသည်။ ၄ လခန့် ပေါင်းသင်းပြီး ဖခင်၏ ခေါ်ဆိုမှုကြောင့် မသူနှင့် ပေါင်းတည်သို့ ပြန်လာခဲ့သည်။ မသူနှင့်အိမ်ထောင်ပြုလာခဲ့သည်ကိုသိရှိသွားသော ဖခင်က ထိုခေတ်က ငွေ ၁၀၀ ကျပ်ပေးကာ အိမ်မှ ထပ်မံနှင်ချလိုက်သည်။ ထို့နောက် မသူနှင့် ကွာရှင်းခဲ့သည်။ ၁၉၅၅ တွင် ဒေါ်ခင်မေရီ (အန်တီမေ) နှင့် အိမ်ထောင်ပြုလိုက်သည်။

၁၉၆၁ ခုနှစ်တွင် “ဘဝထိုထို” စာအုပ်ဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုကို ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံနှင့် အရှေ့ဂျာမနီ နိုင်ငံများသို့ စာပေလေ့လာရေး ခရီးသွားခွင့် ရခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် “သတ္တဝါတို့၏ သံသရာ” စာအုပ်ဖြင့် အနုပညာစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် အဟိ မဂ္ဂဇင်း ရပ်ဆိုင်းသွားသည်။ လုံးချင်းစာအုပ်များ ဆက်လက်ရေးသား ထွက်ရှိခဲ့သည်။

ဆရာသော်တာဆွေ ရေးသားခဲ့ပြီး ထင်ရှားသည့် စာအုပ်များမှာ ကျွန်တော့်ဘဝဇာတ်ကြောင်း အတွဲများ၊ ကြက်ဋီကာ (၁၉၇၉)၊ မဟာစံအိမ်တော်ကြီး (၁၉၇၆)၊ ဘွန္တော ကြက်သူခိုး (၁၉၇၂)၊ ပုဂံ သူရဲကောင်းများ (ဒေါ်ခင်မျိုးချစ် အင်္ဂလိပ်လိုရေးသားသည်ကို မြန်မာပြန်၊ ၁၉၇၃)၊ ဟာသ ဝတ္ထုတိုများ (အတွဲ ၁၊ ၂၊ ၁၉၇၇ နှင့် ၁၉၇၈)၊ ဘဝထိုထို (၁၉၆၁)၊ သတ္တဝါတို့ သံသရာ (၁၉၆၄)၊ ဤလောက မြေမဟီဝယ် (၁၉၇၀)၊ ရသ ဝတ္ထုတိုပေါင်းချုပ်သစ် (၂၀⁠၀၀ ပြည့်နှစ်) နှင့် လောကလူ့ပြည် (၁၉၇၂) တို့ ဖြစ်ကြသည်။

ဆရာကြီးသည် ၁၉⁠၉၅ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ အမှတ် (၂) တပ်မတော်ဆေးရုံကြီးတွင် အာရုံကြောရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ပထမအိမ်​ထောင်မှ သားနှစ်ဦး သမီးသုံးဦး တတိယ အိမ်ထောင်နှင့် သားသမီးမရရှိခဲ့ပါ။