ဇာတ်ငါးရာစေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့တွင် တည်ရှိပါသည်။ သာသနာသက္ကရာဇ် (၆၂၇-၆၂၈) တွင် သုပညာနာဂရဆိန္ဒမင်းက ရွှေဖြင့်ပြုလုပ်ထားသော ဇာတ်တော်ငါးရာနှင့် ရွှေရုပ်တုနှစ်ကျိပ်ရှစ်ဆူကို ဌာပနာ၍ ဌာပနာတိုက်ကြီး ပြုလုပ်ခဲ့ပါသည်။ သာသနာသက္ကရာဇ် ၇၀၀ ပြည့်နှစ်တွင် ပြည်မင်းဆက် ဒုတိယမြောက်ဖြစ်သော မင်းကြီးစောရန်နောင်မှ ဌာပနာတိုက်ကို ပြန်လည်ပြုပြင်ခဲ့ပါသည်။ သာသနာသက္ကရာဇ် ၈၀၇ ခုနှစ်တွင် ၁၃ယောက်မြောက် ပြည်မင်းဆက် မင်းကြီးစွာဆင်များရှင်က ပျက်စီးနေသော ဌာပနာတိုက်ကို ပြန်လည်ပြုပြင်၍ ဉာဏ်တော် ၁၅ တောင်၊ ဖိနပ်တော် ၁၀ တောင်ရှိသော စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပြီး ဖိနပ်တော်မှ ထီးတော်အထိ ရွှေသင်္ကန်းကပ်လှူ၍ ရွှေထီးတော်တင်လှူပူဇော်ခဲ့ပါသည်။ သာသနာသက္ကရာဇ် ၁၆၃၆ ခုနှစ်တွင် အလောင်းစည်သူမင်းကြီးက ဉာဏ်တော်အမြင့် ၁၀တောင်၊ ဖိနပ်တော် ၇ တောင်ရှိသော စေတီတော်ကို ပြန်လည်တည်ထားကိုးကွယ်ခဲ့ပြီး ထီးတော်တင်လှူပူဇော်ခဲ့သည်။ အလောင်းစည်သူမင်းလက်ထက်တွင် စေတီတော်အား ပြုပြင်သောအချိန် စစ်နှင့်ကြုံတွေ့ခဲ့ရသဖြင့် စစ်များဘုရားဟုလည်း ဘွဲ့အမည်တွင်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၁၄၉ ခုနှစ်တွင် အရှင်သီရိမဉ္ဇူသူမြတ်လက်ထက်မှစ၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဤဇာတ်ငါးရာစေတီတော်သည် ယခုအခါတွင် ဉာဏ်တော်အမြင့် ၄၉ တောင် ၂ မိုက်၊ ထီးတော် ၁၅ တောင်နှင့် စုစုပေါင်း ၆၄တောင် ၂ မိုက်၊ လုံးပတ်တော်အတောင် ၈၀၊ ဖိနပ်တော် ၄၄ တောင်ရှိသော ကြည်ညိုဖွယ်ရာ စေတီတော်ကြီးတစ်ဆူအဖြစ် ဖူးမြင်တွေ့ရပါသည်။ စေတီတော်ကြီး၏ ပုံသဏ္ဌာန်မှာ ရှစ်မြှောင့်ပစ္စယာပေါ်တွင် စေတီလုံးပေါက်ထားသည့် ပုံစံဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်များပါရှိသော မုခ်ပေါက်ငယ် လေးခုနှင့် စေတီရံ ၁၂ ဆူပါရှိပါသည်။ ခေတ်အဆက်ဆက် ပြုပြင်မှုများဖြင့် ယနေ့ဖူးမျှော်မြင်တွေ့ရသော စေတီတော်မှာ ခေတ်သစ်လက်ရာပင် ဖြစ်ပါသည်။